Everlasting

46.5K 3.6K 532
                                    

"အဲ့​ကောင်ကို​ထောက်ထားပြီး သံဇကာနှစ်ထပ်။ ဟုတ်တယ် ကိုဘုန်း"

သစ်ရွက်​တွေပွတ်တိုက်လှုပ်ခတ်သံနဲ့အတူ ဒီဝန်းကျင်ကိုအုပ်စိုးထားသည့် ကျွန်​တော့်အမျိုးသားအသံ။ ​ဘုန်းကြီးဆွမ်း​ကျွေး၊ ဟိုတယ်မှာ တစ်ခါ၊ Dinner party တစ်ပွဲနဲ့ အသစ်စက်စက်မင်္ဂလာစုံတွဲက ဟန်နီးမွန်းမသွားခင် လူရင်း​​တွေချည်း ထပ်စုတာ သန်လျင်မှာဝယ်ထားတဲ့ သူတို့ရဲ့အပန်း​ဖြေအိမ်မှာဖြစ်သည်။ ဦး​ဆောင်တာက ဖြိုး​လေးနဲ့ စန္ဒာ​​ဇော်ဝင်းဖြစ်​ပေမယ့် အ​ကျွေးအ​မွေးကို ကျွန်​တော်နဲ့ဇာမဏိ တာဝန်ယူရသည်။ ​နေရာ​ကောင်း​ကောင်းတစ်ခုမှာ ဘိုကင်ယူစီစဥ်လိုက်မယ်ဆို​တာကို ပြိုင်တူ​ခေါင်းခါပြီး ဖြိုး​လေးရဲ့ခြံမှာသာဝိုင်းဖို့ ညီညွတ်ပြကြသည်။

​ကျောင်းသားဘဝတုန်းကလည်း တစ်ခါတစ်​လေ​ရောက်ဖူးတဲ့​နေရာဖြစ်​ပေမယ့် အခု​တော့ တိုက်ကိုနှစ်ထပ်ထပ်တင်ပြီး အခန်း​တွေပါချဲ့ထားတာမို့ ဒီမှာပဲ ညအိပ်ဖို့ထိ စီစဥ်ထားကြသည်။ ခြံအကျယ်ကြီးထဲ သိုင်းဝိုင်း​နေတာက သရက်၊ မာလကာနဲ့ ဇီးပင်၊ ခ​ရေပင်ထိရှိသည်။ ​ခြံက​နေ အိမ်ကိုဝင်ရာ လမ်းတ​လျှောက် ရွှေသ​ပြေ​တွေနဲ့ ရွက်လှတို့ကို ​မြေအိုးညိုတို့နဲ့ တန်းစီစိုက်ပျိုးထားပြီး အပင်တိုင်းကိုဝိုင်း​နေ​အောင် ပုံ​ဖော်ထားကြသည်။ အိမ်ရဲ့​ရှေ့ညာဘက်တစ်ခြမ်းလုံးကို အပန်း​ဖြေ​နေရာအဖြစ် ခုံ​တန်းရှည်​တွေ စားပွဲ​တွေခင်းထားသည်။

ဒီ​နေရာမှာပဲ ဘာဘီကျူးလုပ်ဖို့လိုအပ်တဲ့ သံစည်ပိုင်းပြတ်သုံးခုကို ​ပုံစံ​ဖော်ပြီး သံဇကာထည့်​နေတာက ဇာမဏိနဲ့ ဖြိုး​လေး၊ ရဲဘုန်းတို့ဖြစ်၏။ စီနီယာ​တွေနဲ့ ကျွန်​တော်တို့အတန်းက သူငယ်ချင်းအချို့က ည​နေ​စောင်းမှလာကြမည်မို့ ကျွန်​တော်တို့ပဲ စီစဥ်လုပ်ကိုင်​နေရခြင်းဖြစ်သည်။ ​နေ့လယ်ခင်း အိမ်​ရောက်ပြီဆိုတည်းက စန္ဒာ​ဇော်ဝင်းနဲ့ ကူညီဖို့​ခေါ်လာသည့် က​လေးမ​လေးနှစ်​ယောက်က သန်လျင်​ဈေး​ပြေးပြီး ကြက်၊ ဝက်၊ ဆိတ်၊ ပင်လယ်စာမျိုးစုံကို ဟင်းခတ်နဲ့နယ်ကြသည်။ ကျွန်​တော်တို့​​ယောက်ျား​လေး​တွေက ​နေရာထိုင်ခင်းနဲ့ ဘာဘီကျူးကင်ဖို့ စည်ပိုင်းပြတ်​​တွေကို ​နေရာချရသည်။ ဒါ​တောင် အိပ်ဖို့အခန်းအပြင်အဆင်​တွေကို ဖြိုး​လေးတို့အိမ်ကလူလွှတ်ပြီး လာရှင်း​ပေးသွားလို့။

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now