"ညီမလေး၊ မာမီ သားပြန်ရောက်ပါပြီ"
ပင်ပန်းနေတာတွေက အိမ်ထဲခြေချလိုက်တာနဲ့ မီးခဲကိုရေနဲ့သပ်ချလိုက်သလို အေးချမ်းသွားရသည်။ ညဘက် Night duty ကျပြီး မနက်ခင်းကိုပါ ဆက်ဝင်ရတဲ့နေ့တွေဆိုရင် အတော်လေးပင်ပန်းရသည်။ duty report တွေပါရေးပြီး အိမ်ပြန်ရောက်ချိန်က ည ခုနှစ်နာရီနားကပ်နေပေပြီ။ မာမီက ညီမလေးအခန်းထဲကထွက်လာ၏။
"ပင်ပန်းလာလား သား"
"နည်းနည်းပါ မာမီ။ ညီမလေးရော"
ဆိုဖာမှာဝင်မထိုင်ခင် ညီမလေးအခန်းဘက်ကိုပြန်ငဲ့ကြည့်တဲ့ မာမီ့မျက်ဝန်းတို့က အနည်းငယ်လှုပ်ရှားနေသည်။
"ညီမလေးနေမကောင်းဘူးလား။ သားကိုဖုန်းဆက်တာမဟုတ်ဘူး။ သား သွားကြည့်လိုက်မယ်"
"နေပါဦး သားရယ်။ ညီမလေးက မိန်းကလေးသဘာဝ မအီမသာဖြစ်တာပါ။ သား ဗိုက်မဆာဘူးလား။ ရေမိုးချိုးဦးလေ။ မာမီ ထမင်းခူးထားပေးမယ်"
မာမီပြောမှ ညောင်းကိုက်ခဲနေတဲ့ခြေထောက်တွေနဲ့ ရေချိုးခန်းထဲဝင်ရသည်။ ရေချိုးလိုက်မှ လူကအတော်လေးပေါ့ပါးသွား၏။ ဒီနေ့ နေ့တစ်ပိုင်းအိမ်ပြန်လာဖြစ်တဲ့ မာမီက သူကိုယ်တိုင်ချက်ပြုတ်ထားတဲ့လက်ရာနဲ့ ထမင်းပွဲပြင်ထားပေးသည်။
"ညီမလေး ဘာစားလဲ မာမီ"
"ဒေါ်ဒေါ်မေသက် မပြန်ခင် ကြာဆန်ပြုတ်ပေးသွားတာလေ။ အဲ့ဒါစားတယ်"
"ညကျ ဗိုက်ထပ်ဆာနေတော့မှာပဲ။ ဘာစားချင်ဦးမလဲ မသိဘူး။ အချိန်လည်းစောသေးတယ်။ စားချင်တာရှိရင် သားသွားဝယ်ပေးရအောင်"
ထမင်းစားခြင်းကို အလျင်အမြန်လက်စသပ်နေတဲ့ မာမီက ကျွန်တော့်ကိုသာကြည့်နေ၏။
"မာမီ ပြောစရာရှိလို့လား"
"မရှိပါဘူး သားရယ်။ ဒီနှစ်ကို travellers တွေပိုဝင်တာနဲ့ မာမီ နည်းနည်းပင်ပန်းနေလို့"
အပြုံးယဲ့ယဲ့နဲ့ မာမီ့မျက်နှာက နွမ်းလျချင်နေသည်။ ကျွန်တော်လည်း house surgeon ဆင်းရသည့်နှစ်မို့ အရင်လို မာမီ့ကိုမကူနိုင်။ ဒီကြားထဲ ညီမလေးကျောင်းအကြိုအပို့တာဝန်ကိုပါ မာမီပဲယူလိုက်ရတာမို့ နှစ်ဆပင်ပန်းနေမှာ ကျွန်တော်သိသည်။