"ဒါဆို နှစ်ဝက်အတွက် schedule ကို ဒါပဲ confirm လိုက်တော့မယ်နော် မာမီ"
"Confirm လိုက်။ မန်နေဂျာ ကိုစိုးကို မာမီ ဖုန်းဆက်ထားမယ်။ ပြီးရင် budget ပိုင်းကိုလည်း သိနေအောင်ကြည့်ထားတော့"
မာမီ့အခန်းထဲက စားပွဲမှာ ညီမလေးနဲ့ မာမီက မျက်နှာချင်းဆိုင်လျက်သားပင်။ ကျောင်းနားထားတဲ့ ညီမလေးက အိမ်မှာနေရင်း မာမီ့ကုမ္ပဏီအလုပ်တွေနဲ့ ကျင့်သားရနေခဲ့ပြီ။ သားသားကိုမီးဖွားပြီး ကျောင်းပြန်မတက်ဖြစ်တော့ပဲ အဝေးသင်တက္ကသိုလ်ကိုသာ ပြောင်းဖြစ်ခဲ့၏။ နှမြောမိတယ်ဆိုတဲ့စကားက မိသားစုလေးနဲ့ပျော်ရွှင်နေတဲ့ညီမလေးအပြုံးတွေကြောင့် လည်ချောင်းထဲမှာတင် ပျောက်ပျက်သွားတတ်ပြီ။
မှိန်းနေတဲ့သားသားကို ချီပိုးချော့သိပ်ရင်း ကျွန်တော်အခန်းထဲဝင်သွားလိုက်တော့ ညီမလေးက ဖိုင်တွဲတွေ ပိတ်နေချိန်ဖြစ်သည်။ ကိုပြည့်က နောက်သုံးလဆို သင်္ဘောတက်တော့မှာမို့ အိမ်ပြန်ချိန်တွေနောက်ကျ၏။
"ကိုကို ကျောအောင့်တော့မှာ ချီထားတာတစ်နာရီကျော်နေပြီ။ ပုခက်ထဲထည့်လိုက်တော့တာ မဟုတ်ဘူး"
"ကိုကို ချီထားချင်လို့ပါ"
ဖိုင်တွဲတွေကို စင်ပေါ်တင်ပြီး ညီမလေးက သားသားကိုလက်ပြောင်းချီလို့ အခန်းထဲကထွက်သွား၏။ ဒေါ်ဒေါ်မေသက်က ကျွန်တော်တို့သားအမိနှစ်ယောက်အတွက် ပျားလိမ္မော်နဲ့ ဆန်းကစ်သီးတွေစိပ်ပြီး လာချပေးသည်။
တကယ်တော့ မာမီ ကျွန်တော့်ကို ရှောင်ဖယ်နေတာ ရက်သတ္တပတ်ကျော်လာပြီ။ ဂျပန်မှာ မာစတာဆက်တက်ဖို့ ပြောလိုက်တဲ့နေ့တည်းက။ ကျွန်တော့်တစ်သက်တာ မာမီ့ဆန္ဒတွေနဲ့ ကွာခြားခြင်းမရှိခဲ့ပါဘဲ။ ဘဝတစ်ဆစ်ချိုးရဲ့ ပထမဆုံး ရွေးချယ်မှုက မာမီ့သဘောထားနဲ့ကွဲလွဲနေရတဲ့အဖြစ်မှာ ကျွန်တော် မာမီ့ကိုရင်ဆိုင်နိုင်ဖို့ အိပ်ခန်းထဲပစ်ချခဲ့ရတဲ့သက်ပြင်းတွေ မနည်းမနော။
ဆန်းကစ်သီးတစ်စိပ်နဲ့လိမ္မော်သီးတစ်မွှာကို ခက်ရင်းနဲ့ထိုးစိုက်လို့ ခွံ့ကျွေးတော့ မာမီက ခေါင်းငဲ့ရှောင်ပြီး ဆွဲယူသွားသည်။ ကျွန်တော့်ကို မျက်နှာချင်းမဆိုင်ပေမယ့် သားသမီးမြေးတို့နဲ့ စိတ်ချမ်းသာနေတဲ့ မာမီ့မျက်နှာက အေးချမ်းလတ်ဆတ်နေသည်။