"ဟက်!"
ရယ်သံက နွေသစ်ရွက်ခြောက်တွေကြားရှပ်တိုက်ပြေးတဲ့ လေနီကြမ်းလို ကွဲအက်အက်။ ဒါက ကိုယ့်ကိုကိုယ်အားပေးတဲ့လှောင်ရယ်သံတစ်ခုပေမယ့် တိတ်ဆိတ်ခြင်းထဲထွက်ကျလာချိန်မှာတော့ အက်ရာအထပ်ထပ်နဲ့ မှန်သားပြင်ပါးတစ်ခုလို။ ဆံပင်တွေကို လှန်တင်သိမ်းဖွပစ်လိုက်ရင်း ကျွန်တော့်အတွေးအားလုံး ရှုပ်ယှက်ခတ်နေ၏။
"မြင်လိုက်တယ် ဟုတ်တယ်မလား။ အရင်တစ်ခါကရော၊ အခုရော"
ကျွန်တော့်ရှေ့ခြေစုံရပ်နေသူကို ကျွန်တော် ဘေးတစောင်းအနေအထားနဲ့သာ ရင်ဆိုင်နေမိခြင်း။ ဘောလုံးကွင်းပတ်လည်မှာသိုင်းဝိုင်းနေတဲ့ မလေးရှားပိတောက်ပင်တွေကြားကနေ အဝေးမှာ ရပ်ထားဆဲရှိတဲ့ ကားသုံးးစီးကိုလှမ်းမြင်နေရသည်။ ဒီနေရာမှာ ကျွန်တော်တို့နှစ်ယောက်တည်းပေမယ့် ကျွန်တော့်ဝန်းကျင်တစ်ခုလုံးလေဖိအားနည်းရပ်ဝန်းလို အရာရာက မှုန်မှိုင်းထွေပြားချင်စရာကောင်းနေသည်။
"ရပ်ဝန်းနေသော်ဆိုတဲ့ကောင်ရဲ့ အားနည်းချက်ကိုဖိနင်းထားချင်လို့ အခုချိန်ထိ သေချာအောင်စောင့်ကြည့်နေတာလား"
"အစ်ကို!"
Lipo ပုလင်းသာ အသက်ရှိရင် အခုချိန်ရုပ်နဲ့နာမ်ကွာနေလောက်၏။ လက်ချောင်းတွေတင်းခနဲဖြစ်သွားတာကို ကျွန်တော်မြင်နေရသည်။ ဒီအပြုအမူတွေအားလုံးရဲ့ မူလရင်းမြစ်ကို ကျွန်တော် ခွဲခြမ်းစိတ်ဖြာခြင်းမပြုနိုင်။ တွက်နည်းမသိတဲ့ ပုစ္ဆာတွေကို အဖြေမထုတ်ချင်သူလို ဇာမဏိမျက်နှာကိုကြည့်ဖို့ ကျွန်တော့်အသိစိတ်က ငြင်းဆန်နေ၏။ နှုတ်ခမ်းပေါ်တင်ထားမိတဲ့ လှောင်ပြုံးတွေက ကျွန်တော့်လက်ကျန်မာနပါးပါး။ သစ်ရွက်တွေက ကျွန်တော့်အစားသက်ပြင်းဖွဖွချပေးသည်။
"မဟုတ်ဘူးဆို ငြင်းလို့ရတယ်"
ဒီပွဲမှာ ကျွန်တော်တရားခံဆိုရင်တောင် ကျွန်တော်သာ တရားသူကြီးဖြစ်ရမည်။ နင်းချေခံရဖို့ ထိန်းသိမ်းပျိုးထောင်မိတဲ့ ရင်ခုန်သံတွေမဟုတ်ခဲ့တာ ကျွန်တော်သာအသိဆုံး။