"အနီရောင်လေးထပ်ထည့်ပေးဦး ကိုကို"
လှချင်နေတဲ့ကလေးအမေလေးစကားကို မငြင်းပယ်နိုင်ဘဲ ကျစ်ဆံမြီးထဲအနီရောင်ကြိုးတစ်ချောင်းထပ်ထည့်လိုက်ရသည်။ အခုတော့ ကလေးအမေလေးဖြစ်တဲ့ ကျွန်တော့်ညီမလေးဆံနွယ်တို့ကြားမှာ အပြာရောင်၊ ငွေရောင်၊ အနီရောင်၊ ရောင်စုံကျစ်ကြိုးလေးတွေနဲ့ ကျစ်ဆံမြီးနှစ်ဖက်က သေသေသပ်သပ်လှနေ၏။
"ဒီမောင်နှမတွေပျောက်နေတယ်မှတ်တာ"
"ကျွန်တော်လာပြီဒေါ်ဒေါ်။ ဘာတွေသယ်ဖို့ရှိသေးလဲ"
"မရှိပါဘူးသားရယ်။ ကလေးတွေက မေမေဘရဏီကိုရှာနေကြပြီ"
"မေမေဘရဏီအလှပြင်နေလိုက်တာ ဒေါ်ဒေါ်ရေ။ အခုပဲဆင်းပါပြီ"
ကလေးသုံးယောက်မွေးထားတယ်လို့မထင်ရအောင်ကို ပေါ့ပါးသွက်လက်နေတဲ့ ညီမလေးက အဝါခံမှာအဖြူပွင့်နုပ်နုပ်ပါသည့် ဝမ်းဆက်အပျော့လေးနဲ့ လှသွေးကြွယ်နေဆဲ။ ကလေးသုံးယောက်မွေးထားပြီးဖြစ်ပေမယ့် ကျွန်တော့်ရှေ့ရောက်ရင်တော့ ဘာမှမသိတော့သည့် ညီမလေးအဖြစ်နဲ့။ ကလေးတွေရှာနေတယ်ဆိုတော့လည်း ကျွန်တော့်ရှေ့ကပြေးဆင်းသွား၏။
အောက်ထပ်ကိုခြေချလိုက်တယ်ဆိုရင်ပဲ သင်္ကြန်သီချင်းသံမြူးမြူးဖြင့် သက်ဝင်လှုပ်ရှားနေတဲ့မြင်ကွင်းနဲ့တိုးတိုက်၏။ သင်္ကြန်အကြိုနေ့စတာနဲ့ အိမ်ရာဝင်းထိပ်မှာ အုန်းလက်မဏ္ဍပ်ပြင်ဆင်လိုက်ပြီး စတုဒိသာကျွေးဖြစ်တာ မာမီ့ကုသိုလ်ဖြစ်သည်။
အဓိကက မုန့်လုံးရေပေါ်၊ ရွှေရင်အေး။ တိုင်ပင်ကာစတုန်းက မိသားစုလူရှိသလောက်နိုင်ရုံလေးစီစဥ်ထားပေမယ့် မာမီ့ရုံးကဝန်ထမ်းတွေအားဖြည့်မှု၊ ဖြိုးလေးနဲ့စန္ဒာဇော်ဝင်းတို့ရဲ့ ပါဝင်လိုမှုနဲ့ ပါဝင်ပစ္စည်းတွေများသွားသည်။ အဲ့တော့ထပ်တိုးလာတာက နေ့လယ်ပိုင်း သီးစုံပဲဟင်းနဲ့ ငါးခြောက်ထောင်းကြော်။
ဒီနှစ်သင်္ကြန်မှထူးထူးခြားခြားရန်ကုန်ရောက်နေတဲ့ ဇာမဏိ ကြီးကြီး၊ အဆောင်းနဲ့မြတ်သူတို့က အညာစတိုင်ငါးခြောက်ထောင်းကြော်ဖို့ဦးဆောင်ကြသည်။ ကိုပြည့်နဲ့ ရဲဘုန်းက သီးစုံပဲဟင်းချက်နေတဲ့မာမီနဲ့ဒေါ်ဒေါ်မေသက်အတွက် အိုးကိုင်များဖြစ်သည်။ ဖြိုးလေးက သူ့မဟေသီစန္ဒာဘေးကမခွာဘဲ မုန့်လုံးရေပေါ်ထည့်ဖို့ရေနွေးတည်ထားသည့်အိုးကြီးကိုမီးထိုးလိုက်၊ ပေါ်လာသည့်မုန့်လာရေပေါ်တွေကို ဇကာတပ်ဇွန်းဖြင့်ဆယ်လိုက် တာဝန်ကျေနေ၏။ ကျွန်တော်ဆင်းလာတာမြင်တော့ ပြေးလာကြတာ ပထမဂျူနီယာနေသော်နဲ့ ဒုတိယဂျူနီယာနေသော်တို့ဖြစ်သည်။