"Say Cheese...Yep, its so pretty"
Capture မိသွားတဲ့ပုံရိပ်ရှင်ကို ပုံရိပ်သေဖမ်းယူပေးလိုက်တော့ ဆံပင်ငွေရောင်၊ မျက်လုံးပြာလဲ့လဲ့လေးတွေနဲ့ ရှေ့ကစုံတွဲက သဘောတကျဖြစ်နေကြသည်။ ကျွန်တော့်လည်ပင်းမှာချိတ်ထားတဲ့ Canon ကို ချပြီး သူတို့ရဲ့ပန်းသီးတစ်ခြမ်းပဲ့ထဲပါ လေးငါးပုံ ထပ်ရိုက်ပေးလိုက်၏။
"Thank you Taw"
"It's ok Steve"
ကျွန်တော့်နာမည် နေသော်လည်း သူတို့ရဲ့ပြင်သစ်သံဝဲဝဲနဲ့အဖျားစွတ်ခေါ်တဲ့အင်္ဂလိပ်သံထဲ "တော်" ဆိုပြီးဖြစ်နေရခြင်း။ Sule Square ကနေ မြို့တော်ခန်းမတောက်လျှောက် ခြေကျင်လျှောက်ပြီး ဓါတ်ဖမ်းလိုက် ငေးလိုက်နဲ့ သိချင်တာရှိမှ ဘေးကပါလာတဲ့ ကျွန်တော့်ဘက်လှည့်၏။ တီရှပ်အဖြူ၊ ဂျင်းပန်အတိုဝတ်ထားတာတောင်မေလရဲ့နွေက အပူတပြင်းနဲ့ ကျွန်တော်တို့ကိုယ်တွင်းကစွမ်းအားတွေကို ဆုပ်ယူနေလေသည်။ နဖူးကကျတဲ့ချွေးစက လည်တိုင်တွေထိ လျှောလျှောဆင်းသလို၊ ကျောပိုးအိတ်လွယ်ထားတဲ့ကျောပြင်ကလည်း ရေအိုင်ငယ်လိုနစ်နေ၏။ ဟာဝိုင်အီရှပ်ဆင်တူ ကွာတားဘောင်းဘီတိုတိုနဲ့စုံတွဲကတော့ အချစ်ရနံ့တွေကြောင့်အေးမြနေကြသလား။ မနှစ်က မာမီ့ကုမ္ပဏီမှာ ကျွန်တော် အချိန်ပိုင်း guide လုပ်ပေးခဲ့တဲ့ မာမီတို့အရွယ်တန်း ပြင်သစ်လင်မယားက Steve အဖေနဲ့အမေဖြစ်နေခဲ့သည်။ ဒီနှစ် Steve အိမ်ထောင်ပြုပြီး မြန်မာနိုင်ငံကို ပျားရည်လမင်းလာလုပ်ချိန် ကျွန်တော့်ကို ဘိုင်နိမ်းတပ်ပြီး guide လုပ်ဖို့ တောင်းဆိုလာ၏။ ဆေးခန်း၊ အိမ်နဲ့ ညီမလေးသင်တန်းကြားပြေးလွှားနေတဲ့ ပျင်းရိခြောက်သွေ့ဖွယ် ကျွန်တော့်နွေနေ့များကို ရန်ကုန်မြို့ပြ ယဥ်ကျေးမှုထဲပေါင်းထည့်ရတော့သည်။
ချစ်ခြင်းကကူးစက်ပျံ့နှံ့တတ်သော ဂုဏ်သတ္တိရှိသလားမသိ။ ချစ်ခင်ကြင်နာကြတဲ့ Steve တို့စုံတွဲနောက် တကောက်ကောက်လိုက်ရခြင်းက ကျွန်တော့်ခြေလှမ်းတွေကို တက်ကြွနေစေသည်။ မနက်ဆို ညီမလေးကို ရေကူးသင်တန်းပို့ပြီး Steve တို့တည်းတဲ့ဟိုတယ်ကို ကျွန်တော်ကိုယ်တိုင်ကားမောင်းသွားကြို၊ စရောက်တဲ့ရက်တော့ ရွှေတိဂုံနဲ့ ဗိုလ်ချုပ်ဈေးမှာတင် အချိန်ဖြုန်းကြ၏။ နောက်ရက်တွေ ဗိုလ်တထောင်ဘုရားနဲ့ ကမ်းနားတောက်လျှောက်လှည့်ရင်း မော်တင်ကိုပတ်သည်။ ဒီသုံးရက်မြောက်နေ့မှာတော့ ဆူးလေတခွင် ပြဲပြဲစင်၏။ Steve က ကျွန်တော့်ထက် ၃နှစ်ကြီးပေမယ့် ရွယ်တူလိုဖြစ်တာမို့ သွားလာပြောဆိုရတာ သူတို့အတွက်လည်း သက်သောင့်သက်သာဖြစ်ပုံရသည်။