သြဂုတ်လရဲ့မိုးစက်ပွင့်တို့က မိုးရာသီရဲ့အားအကောင်းဆုံး လက်နက်တွေအဖြစ် ကမ္ဘာမြေပြင်ပေါ် အလုအယက်ဖြန့်ကျက်ကျလျက်ရှိသည်။ မိုးလေတစ်လှည့် မိုးပြေးတစ်လှည့်ဖြင့် ဝန်းကျင်တစ်ခွင်ကခြောက်သွေ့သည်မရှိ။ မိုးရာသီရဲ့သင်္ကတမိုးရေစက်တို့က သက်ရှိလောကရဲ့ ပူခြင်းအေးခြင်းများအား ချုပ်ကိုင်ခြယ်လှယ်နေသည့် အကောင်အထည်မဲ့နတ်ဘုရားတစ်ပါးလို။ စိုစွတ်ဆဲသစ်ရွက်တို့ရဲ့ ပွတ်တိုက်ထိခိုက်မိသံတို့ကတောင် အေးစက်မှုကိုဆောင်ကျဥ်းပေးနေ၏။ တဖြောက်ဖြောက်ကြွေတဲ့ မိုးစက်သံတို့က စည်းချက်ကျကျ။ မှန်ပြတင်းပေါ်ရိုက်ခတ်လာပြီးမှ တင်ကျန်နေတဲ့ရေစက်ရေမှုန်တို့က စီးကြောင်းတစ်ခုတည်းမှာပေါင်းဆုံပြီး လျှောခနဲပြေးဆင်းသွားသည့်မြင်ကွင်းကပင် ငေးမောစရာကောင်းနေခဲ့၏။
"အာ...တကယ်အရသာရှိတယ်။ စပိုက်စီခေါက်ဆွဲစားဖို့ ဘဲမလိုဘူး။ ကိုကို့ကိုပဲလိုတာ တကယ်"
"အချွဲတုံး...ပုဇွန်တွေရောစားလေ။ နောက်လည်းစားချင်တာရှိရင် ကိုကို့ကိုချက်ချင်းပြောနော်။ စာမေးပွဲက တစ်လတောင်မလိုတော့ဘူး။ အားရှိနေမှ"
"ညီမလေးကိုပဲ ပြောမနေနဲ့။ ကိုကိုလည်းစားဦး။ final ရောက်မှ ကိုကို gym လည်းမှန်မှန်မသွားရဘဲ ပိန်ချင်နေပြီ"
"စာတွေများလို့ပါ။ ကိုကိုက ကျန်းမာတယ်။ ညကို စာဆက်ကြည့်ရင် ကော်ဖီမသောက်နဲ့တော့နော်။ မိုင်လိုပဲသောက်တော့။ မျက်လုံးကြောင်မယ်"
"ဟုတ်ကဲ့ပါ ကိုကိုရ"
ခေါက်ဆွဲပန်းကန်ထဲက ခေါင်းမဖော်ဘဲ ညီမလေးက လက်မထောင်ပြသည်။ နှစ်ဖက်ခွဲစီးထားတဲ့ဆံပင်ရှည်ခေါင်းလုံးလေးကို ပွတ်သပ်ပစ်လိုက်တုန်းပဲ ဘောင်းဘီအိတ်ထဲကဖုန်းက တုန်ခါသွား၏။
_ အစ်ကို ဘာလုပ်နေလဲ။
ည ၁၁နာရီထိုးခါနီးပြီဆို ဝင်လာနေကျမက်ဆေ့ချ်။ ဒီချိန်ဆို ကိုးတောင်ပြည့်ကျားပေါက် စာကြည့်ရင်း အိပ်ချင်စိတ်ဝင်ပြီး ကျွန်တော့်ဆီစာပို့တတ်၏။