အပိုင်း(၄)

7.3K 964 191
                                    

(Unicode+Zawgyi)

သီတင်းကျွတ်တွင် ပလ္လင်ဆေးမိုး ရွာသွန်းဖြိုး

သီတင်းကျွတ်လရဲ့ အငြိုးမပါသောမိုးသည်းဟာ ထနောင်းကျစ်ရွာပေါ်သို့ တဖြောဖြောကျဆင်းလို့နေသည်။ မိုးဦးလေဦးမဟုတ်တော့သော ဤပလ္လင်ဆေးမိုးသည် မိုးရာသီကုန်ဆုံးခါနီးမို့ထင်သည်။ လွန်စွာမှသည်းထန်ပါဘိလေ။

ထိုသည်းထန်သောမိုးများအကြား ထနောင်းကျစ်ရွာသူရွာသားတွေဟာ လယ်ယာလုပ်ငန်းခွင်ထဲ၌ တကုန်းကုန်းအလုပ်များနေကြရှာသည်။ လွန်ခဲ့သောနှစ်ကမိုးခေါင်ခဲ့တာကြောင့် သီးနှံစိုက်ခင်းတွေ မျှော်မှန်းထားသလောက်မဖြစ်ထွန်းခဲ့ချေ။ ယခုနှစ်တွင်တော့ မိုးမှန်တာကြောင့် လယ်ယာကိုင်းကျွန်းလုပ်ကိုင်ကြသူများ လက်ခမောင်းခတ်ရပေသည်။

"မာဦး ညည်းသားရေညိုရစ်မကတော့ဘူးလား"

"အေး ဟုတ်သား၊ ညည်းသားကတာမတွေ့တာကြာလို့"

လယ်စိုက်နေတဲ့အမျိုးသမီးနှစ်ယောက်က ပြုံးစစမျက်နှာဖြင့် ဒေါ်မာဦးကို အချဉ်ထိုးမေးသည်။ ဒေါ်မာဦးကတော့ အနာပေါ်တုတ်ကျသည့်နှယ် ဆွေ့ဆွေ့ခုန်လုစပြုနေသည်။ သို့ပေမယ့် ဟန်ဆောင်ပြုံးလိုက်ကာ

"သူကတဲ့အခါကျ ညည်းတို့ကိုလာပင့်မယ်၊ တကတည်း..."

ကျေနပ်ရိပ်စိုးစဉ်းမှမပါတဲ့စကားတို့ကိုဆိုလိုက်ပြီး သူတိုနဲ့ဝေးရာဆီ ဒေါ်မာဦးထွက်လာခဲ့သည်။

"ရေညိုရစ်...နင်ဟာနည်းနည်းမှကောင်းကျိုးမပေးတဲ့ဟာလေး၊ အနှစ်၂၀ကျော်နေပြီ၊ ငါ့ကိုဒုက္ခပေးတုန်း၊ အရှက်ရစေတုန်း၊ ဂြိုလ်ကောင်"

ဒီကြိမ်းဝါးစကားတွေကို ရေညိုရစ်မကြာခဏကြားရလေ့ရှိပါသည်။ ကွယ်ရာမှာလည်းပြောသလို၊ ရှေ့တွင်လည်း အားမနာစွာပြောတတ်သည်။

မိုးတိတ်သွားပြီ။

ဒေါ်မာဦးလယ်ထဲကပြန်လာတော့ နေ့လည်မွန်းတည့်ချိန်ရောက်နေပြီ။ အိမ်အောက်ထပ်က ရေအိုးစင်တွင်းမှရေတွေ တစ်ကျိုက်ကြီးခပ်သောက်ပြီး ရင်အေးရုံကြံကာရှိသေး ဒေါ်မာဦးရဲ့စိတ်နှလုံးကို များစွာနောက်ကျိသွားစေတဲ့ပုံရိပ်တစ်ခုပေါ်လာသည်။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now