အပိုင်း(၂၇)

4.3K 581 69
                                    

(Unicode+Zawgyi)

ရေညိုရစ်... ငယ်နာမည်မဟုတ်...

အသက်၃နှစ်အရွယ်မှ တိတိကျကျပြောင်းလဲခဲ့ရသော...

အသက်၁နှစ် အမည်ပေးကင်ပွန်းတပ်ပွဲပေးပြီးနောက်တွင် ထူးခြားစွာပြောင်းလဲလာတဲ့ကောင်လေး...

မကြာခဏဖျားနာတတ်၏။ ညဉ့်နက်သန်းခေါင်ဆို မအိပ်ဘဲ ညလုံးပေါက်အော်ငိုတတ်၏။ ဆရာဝန်၊ ဆေးဆရာ ကယ်တင်ပေးလို့မရ။ မိသားစုရဲ့အခက်အခဲဖြစ်လာတာက ထိုကောင်လေးရဲ့ စကားအတတ်ပညာ။

"ဖောင်းတော်..မှန်တော်ရှူ့..ပန်းစိုက်..သားပိုက်..ကျောက်ကောက်..ဆံတော်သိမ်း..."

ဒီလိုတစ်မျိုး။

"မျက်ခုံးပလို့..မေးပလို့..အရုပ်ကြိုးလမ်..ဘယ်ညာခြေလက်..နတ်ယိုင်..."

ဒီလိုတစ်ဖုံ။

"အိုးစည်..ဘီလူး..ဇော်ဂျီ..ဒိုးပတ်..."

ဒီလိုတစ်သွယ်။

"သားလေးကသိပ်စကားတတ်တာပဲ၊ ဒါတွေကို မသင်မကြားဘဲ ဘယ့်နှယ့်လိုတတ်တာတုန်း..အစ်မသားလေးသိပ်တော်လိုက်တာ.."

တစ်ညကျတော့ မိုးကြီးလေကြီးသည်းထန်ခဲ့သည်။ လေပြင်းမုန်တိုင်းသတိပေးချက်ကြောင့် ဧရာဝတီမြစ်ရေလျှံတက်လာသည်။ တောင်ကုန်းတောင်စောင်းတစ်ဝိုက်ကသစ်ပင်တွေ တဖြောင်းဖြောင်းနဲ့ ကျိုးလဲကျသည်။ အိမ်ရှေ့လမ်းဟာ ချောင်းဖြစ်သွားသည်။ ရေတွေမြောနေတဲ့အချိန်မှာ ကောင်လေးဟာ အာခေါင်ခြစ်ပြီး အော်ငိုသည်။ မိခင်ဖြစ်သူမှာ ဒုတိယကလေး ကိုယ်ဝန်ရှိခါစမို့လို့ အအိပ်စက်နေပေသည်။ ထိုကောင်လေးဟာ ငိုနေတာမရပ်။ အဘွားဖြစ်သူက လာရောက်ချီမိုးချော့မြူသော်လည်းမရ။

"နာမည်ပြန်ပေး...နာမည်ပြန်ပေး"

၃နှစ်ကလေးက မပီကလာပီကလာနဲ့ပြောသည်။ အဘွားဟာ မိခင်ကိုနှိုးလိုက်၏။ ကောင်လေးရဲ့အခြေအနေက အဖျားတက်သည်အထိ ဆိုးရွားနေတာကြောင့်ဖြစ်သည်။ ကောင်လေးသည် မျက်နှာတစ်ခုလုံးနီရဲကာ မျက်လုံးများက မို့အစ်နေသည်။

"ရွာဦးကျောင်းသွားမှဖြစ်မယ်"

ကျေးလက်ဆေးပေးခန်းမရှိသေးတဲ့ ၁၉၉၉ပြည့်နှစ်တွေမှာ ရွာဦးဘုန်းကြီးကျောင်းကိုသာ အားကိုးရရှာသည်။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now