အပိုင်း(၁၆)

4.2K 629 113
                                    

(Unicode+Zawgyi)

ညအမှောင်ထုဟာ ညဉ့်နက်လာတာနဲ့အမျှ တဖြည်းဖြည်းကြီးစိုးလာသည်။ မှောင်ရိပ်တွေကြီးစိုးတဲ့ညချမ်းမှာ ထိုမှောင်ရိပ်တွေကိုအံတုနေတဲ့မီးတိုင်ရဲ့အလင်းရောင်ဝါကြောင့် ပုဂံမြို့လေးဟာ လွမ်းစရာကောင်းအောင်လှနေပါသည်။ အပြင်မှာတော့ ဆောင်းလေလေးကတသုန်သုန်တိုက်ခတ်နေသည်။ တင့်ထူးရဲ့ခြံထောင့်ကခွာညိုပင်လေးကတော့ လေမြူးထဲဝယ် ယိမ်းခါလို့နေ၏။ ရံဖန်ရံခါတော့ ခွာညိုပန်းနံ့လေးတွေဟာ သင်းသင်းလေးမွှေးပျံ့တတ်၏။

"အစ်ကိုလေး မအိပ်သေးဘူးလား"

"ဪ ကိုတင့်ထူး၊ ကျွန်တော်မအိပ်ချင်သေးလို့ပါ"

"ဒါဖြင့်ရင်လည်း အိမ်ထဲဝင်နေပါ့လားဗျ၊ အပြင်မှာခြင်ကိုက်ရကိုက်နဲ့.."

"ရပါတယ်၊ ကျွန်တော်ပန်းချီဆွဲချင်လို့ ဒီမှာပဲနေလိုက်ပါ့မယ်၊ ကိုတင့်ထူးသွားအိပ်တော့လေ"

"အိုခေ၊ ဒါဆို ကျွန်တော်ဝင်ပြီနော်"

Skyကခေါင်းညိမ့်လိုက်သည်။ ထို့နောက် တင့်ထူးကအိမ်ထဲဝင်သွားသည်။ အိမ်ရှေ့ကကွပ်ပျစ်ပေါ်မှာ တစ်ကိုယ်တည်းဆက်လက်ထိုင်နေဆဲဖြစ်တဲ့Skyဟာ ပန်းချီဆွဲဖို့ မုဒ်သွင်းနေပုံရသည်။

လမင်း ကြယ်စင် ကင်းစင်နေတဲ့ ပြောင်ရှင်းရှင်းကောင်းကင်ကြီးကိုငေးလျက် ခြေထောက်နှစ်ဖက်ကို အောက်ချထားကာ လှုပ်ရမ်းနေသည်။ Skyရဲ့မျက်လုံးတွေဟာ ရီဝေဝေဆန်လျက် နယူးဇီလန်ကိုပဲလွမ်းသလား၊ သူ့အတွက်အမြဲရှိပေးတဲ့အမေကိုပဲလွမ်းသလား၊ ဒါမှမဟုတ် ရက်ရက်စက်စက်ပြောဆိုပစ်ချသွားတဲ့အဖေ့ကိုပဲလွမ်းသလား၊ ဒါတွေမဟုတ်သည့်တိုင် ရေညိုရစ်ကိုများလွမ်းနေသလား၊ နောက်ဆုံးတွေးဖို့ကျန်တာက အိပ်မက်ထဲကမိန်းကလေး၊ သူ့ကိုလွမ်းနေတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။

အတိအကျကိုတော့ ကာယကံရှင်Skyသာသိပါလိမ့်မည်။

ခဏကြာတော့ ကွပ်ပျစ်ပေါ်မှာ ဒေါက်တိုင်ကိုတင်လိုက်ပြီး ကင်းဗတ်စအဖြူကိုထပ်လွှမ်းလိုက်၏။ လိုအပ်မယ့်ဆေးရောင်စုံတွေကို ရောစပ်ပြင်ဆင်ပြီး စုတ်တံတွေကိုလည်း အမျိုးအစားအစုံရွေးချထား၏။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now