အပိုင်း(၅)

6.8K 838 115
                                    

(Unicode+Zawgyi)

လရောင်ဟာကြည်လင်နေ၏။ နက်ပြာရောင်ကောင်းကင်ကြီးထဲဝယ် တစ်ခုတည်းသောအဖြူရောင်ဖြစ်တဲ့လမင်းကြီးဘေးတွင် ရံရွေတော်တွေဖြစ်တဲ့ ကြယ်စင်များကတော့ ဒီနေ့ညမှာ လင်းလက်စွာတောက်ပနိုင်ခြင်းမရှိ။

တစ်မနက်လုံးမိုးသက်ထားတာကြောင့်ထင်သည်။ တိမ်တွေတောင်ကင်းစင်နေ၏။ ဒီနေ့ညရဲ့အလှကတော့ လမင်းဖြူအသားပေးအလှ ဖြစ်ကောင်းဖြစ်နိုင်သည်။

ထိုလရောင်ဟာ ရေညိုရစ်အိပ်စက်တဲ့ ဆုံတဲဟုခေါ်သော စပါးကျီဘေးက တဲငယ်ပေါ်သို့ ခပ်လဲ့လဲ့ဖြာဆင်းကျနေသည်။ ပြတင်းပေါက်မရှိတဲ့အတွက် ထိုလရောင်ကို ရေညိုရစ်မတွေ့မြင်နိုင်။

အိပ်မပျော်တဲ့ရေညိုရစ်တစ်ယောက် ဖျာပေါ်မှာလူးလှိမ့်နေသည်။ တစ်ချက်တစ်ချက်တော့ အိမ်မကြီးဆီမှ ရယ်မောသံအချို့ကို ထင်းလင်းပြတ်သားစွာကြားရသည်။

"လင်းထွဋ်ပြန်လာတာကို အဲ့သလောက်ပျော်တာလားအစ်မ"

အပယ်ခံမမည်သော အပယ်ခံ။ အများအမြင်မှာတော့ မိသားစု။ တကယ့်လက်တွေ့က သူဟာသူစိမ်းဧည့်သည်နှင့်မခြား။ သန်းခေါင်စာရင်းအရသာ မိသားစုဖြစ်ပြီး ရင်းနှီးနွေးထွေးမှုဆိုတာကတော့ ရေမဝ၍ပက်ကြားအက်နေတဲ့မြေပြင်ပမာ ခြောက်သွေ့သွားသည်။ တစ်စတစ်စနဲ့ ရေညိုရစ်ဟာ အမေဝိုင်း၊ ဒေါ်မာဦးနဲ့ လင်းထွဋ်တို့ဆီကနေ ဝေးကွာသွားသည်။

ရေညိုရစ်လုံးဝအိပ်လို့မရတော့တာကြောင့် ဆုံတဲအပြင်ထွက်ကာ ပြင်ပဝန်းကျင်ကိုငေးမောကြည့်ရှု့ဖို့လုပ်သည်။ ဖိနပ်မစီးဘဲ တဲအောက်ဆင်းလာပြီး သဲပြင်တွေကြား ခြေချောင်းထိုးထည့်ရင်း ရယ်မောသံတွေမြစ်ဖျားခံရာ အိမ်မကြီးဆီ လှမ်းမျှော်မိ၏။

"အစ်မကျုပ်ကိုသိပ်မုန်းရတဲ့အကြောင်းအရင်းက လူဝင်စားဖြစ်တာကြောင့်ပဲလား၊ ဒါမှမဟုတ် အခြားတစ်ခုထပ်ရှိသေးတာလား၊ ကျုပ်ကိုဝှက်ထားတဲ့ပုစ္ဆာကို ကျုပ်ဖြေရှင်းနိုင်ရင် အစ်မကျုပ်ကို သားတစ်ယောက်လိုဆက်ဆံပေးမှာလား"

'လား' ပေါင်းများစွာသောမေးခွန်းတွေအတွက် ရေညိုရစ်မှာအဖြေမရှိ။

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now