PART 60(Z+U)

1.5K 111 28
                                    

Zawgyi

"ဝေးသွားတာဟာ တကယ်မဟုတ်ဘူး"

တစ်ညလုံး မိုးရွာထဲမှာရှိနေသည့်ကားလေးဟာ နံနက်ခင်းရောက်သည့်အထိ ထိုခြံရှေ့မှာ ရှိမြဲရှိနေဆဲဖြစ်၏။
တစ်ညလုံး မိုးရွာနေလည်း သက်ညှာပြီးထွက်တွေ့လိုငြား ထိုကောင်လေးကခြံရှေ့ကနေ အော်ခေါ်နေခဲ့တာ၊ ဖြေသူရှိလိုငြား နံပါတ်လေးကိုလည်း မပြတ်ခေါ်နေခဲ့တာဖြစ်၏။
မတတ်နိုင်တော့သည့်အဆုံး ကားထဲဝင်နေခဲ့ပေမယ့် ထိုနေရာကနေတော့ မပြန်နိုင်ခဲ့။ နောက်မနက်ရောက်လို့ အလုပ်သွားဖို့ထွက်လာလျှင်တော့ တွေ့ရလိမ့်မှာပါဆိုပြီး မျှော်လင့်ချက်လေးနဲ့ အခုထိစောင့်နေသေးတာဖြစ်၏။

သို့သော် ရုံးချိန်ကို ကျော်လွန်သွားပြီဖြစ်တာတောင် အိမ်ထဲကနေဘယ်သူမှထွက်မလာခဲ့ပေ။

အချိန်တဖြည်းဖြည်းမြင့်လာတာနဲ့အမျှ မျှော်လင့်ချက်တွေဟာ ကြေမွလုလုဖြစ်လာလေပြီ။ မငိုဖို့အားတင်းပေမယ့် ဝမ်းနည်းခြင်းက ပိုပြီးတော့သာ သူ့ကိုဝါးမြိုလာလေပြီ။

ထို့နောက်တော့ ကားအနက်လေးဟာ ထိုခြံရှေ့ကနေ တဖြည်းဖြည်းလှိမ့်ရင်း မောင်းထွက်သွားတော့၏။

ရုံးထဲဝင်လာသည့်အဏ္ဏဝါရဲ့ခြေလှမ်းတွေဟာ နှေးကွေးလေးပင်နေ၏။
မျက်ဝန်းတွေက အသက်မဲ့ကာ ခြောက်ကပ်ငြိမ်သက်နေ၏။ ထို့အပြင် မိုးရေမခြောက်သေးသည့်ဆံပင်စိုထိုင်းထိုင်း ကပ်ကပ်တွေကလည်း မသပ်မရပ်။ ခြုံငုံကြည့်လျှင် အသွင်အပြင်က မှိုင်းထိုင်းကာ စိတ်ဝိဥာဉ်ကင်းမဲ့နေသူတစ်ယောက်နှယ်။

ရုံးရောက်နှင့်နေသည့် ကိုဝေယံက လေးပင်စွာဝင်လာသည့်အဏ္ဏဝါကိုတွေ့တော့ စိုးရိမ်သွားပြီး အမြန်လာမေးလေ၏။

"သူဌေး ဂွတ်မောနင်း အဆင်ပြေရဲ့လား... ဘယ်လိုဖြစ်လာတာလဲ"

အဏ္ဏဝါရဲ့နီစပ်စပ်မျက်ဝန်းတွေကို ကိုဝေယံမှာ မိန်းမောငေးလိုက်မိပြီး သိသလိုလိုရှိလာလေပြီ။

ဒါကြောင့် နှုတ်ဆိတ်ပေးနေလိုက်ပြီး သူက အဏ္ဏဝါဝတ်ဖို့အဝတ်အစားတို့၊ မနက်စာတို့ကိုသာ အလိုက်တသိအမြန်သွားပြင်ပေးသည်။
စိတ်ပင်ပန်းနေတာကို မေးခွန်းတွေမေးလို့မကောင်းမှန်း၊ သူ့သူဌေးရဲ့ဒီပုံက တစ်ယောက်တည်းနေချင်ပုံမှန်း ခန့်မှန်းမိသည့်ကိုဝေယံက အရိပ်အကဲကြည့်တတ်သူဖြစ်သည်နှင့်အညီ ဒီနေ့အတွက် အချိန်ဇယားနှင့်အစီအစဉ်တွေကို ပြောမနေတော့ဘဲ ဖိုင်နဲ့သာချပေးခဲ့ပြီး ထွက်သွားပေး၏။

"My Only One" ✔️Where stories live. Discover now