PART 78.2(Z+U)

1.7K 113 26
                                    

Zawgyi

"Birthday Present for Darling"

***

"ဗညားဒလ"ဆေးရုံကြီးရဲ့အရေးပေါ်လူနာဌာနဟာ ဒီကနေ့မှာတော့ ရုတ်ရုတ်သဲသဲဖြစ်နေ၏။ VIPထက်ကိုပိုအရေးကြီးသည့်လူတစ်ယောက်က အရေးပေါ်အခြေအနေနဲ့ရောက်လာခဲ့လေတော့ ရှိသမျှဆရာဝန်တွေသာမက ဆေးရုံအုပ်ကြီး ဦးကောင်းသီဟပါ ရောက်လာခဲ့ရပြီး ဌာနတစ်ခုလုံးမှာ အားလုံးက ပုံမှန်ထက်ပိုပြီး သတိကြီးစွာထားကာ အလျင်စလိုတွေပြုမူနေရတော့၏။ တခြားသောသူတွေကတော့ ဒီလိုမျိုးဆေးရုံကို ပွက်လောရိုက်စေသူက ဘယ်သူများလဲလို့သိချင်ကြပေမယ့် အပြင်မှာစောင့်နေသည့်ပုဂ္ဂိုလ်တွေကိုတွေ့တယ်ဆို အများကြီး မစဉ်းစားလိုက်ရတော့ဘဲ အလျိုလျို ပြန်ပြေးသွားကြသည်သာ။

ထို့အတူ အရေးပေါ်အခြေအနေဖြစ်သူက ဘယ်သူလဲဆိုတာသိကြတာနှင့် သတင်းဌာနတွေကလည်း လှုပ်လှုပ်ယွယွဖြစ်လာပြီး သတင်းယူဖို့သူ့ထက်ငါရောက်လာခဲ့ကြ၏။ သို့သော် ဆေးရုံဝင်ပေါက်ကစလို့ အရေးပေါ်ဌာနနဲ့ အထူးသီးသန့်အခန်းအပြင်ဘက်အထိပါ ဝတ်စုံပြည့်နဲ့ကိုယ်ရံတော်တွေက ရောက်နေပြီဖြစ်တာကြောင့် "ဒီနေ့ အရေးပေါ်ဆေးရုံတက်ရသူဟာ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေထဲကတစ်ဦးဖြစ်နိုင်ခြေရှိ။"ဆိုသည့် ယူဆချက်သတင်းကလွဲလို့ တခြားသတင်းထွက်မလာခဲ့။ ဆေးဝန်ထမ်းတွေကလည်း ကျင့်ဝတ်စောင့်ထိန်းကြတာကြောင့် မေးရခက်ကြသလို တခြားလူနာတွေနဲ့ဧည့်သည်တွေကလည်း ရေရေရာရာ မသိခဲ့ကြ။

အပြင်ဘက်က ရုတ်ရုတ်သဲသဲအခြေအနေတွေရဲ့ဆန့်ကျင့်ဘက်... တိတ်ဆိတ်သည့် အထူးလူနာခန်းတစ်ခန်းထဲရှိ ကုတင်ပေါ်မှာ ရှန်းကတော့ အခုထိနိုးမလာသေးဘဲ ဆေးချိတ်ထားလျက်သား လဲလျောင်းနေဆဲဖြစ်၏။ အဏ္ဏဝါကတော့ ဘေးမှာထိုင်ကာ ရှန်းရဲ့လက်လေးကို ညင်သာစွာဆုပ်ကိုင်ထားပေးပြီး ဆေးဝင်သွားသည့်သွေးကြောတစ်လျှောက်ကို ဖွဖွကလေးပွတ်ပေးနေလေ၏။

ဖြူဖျော့ဖျော့နှုတ်ခမ်းလေးတွေအပြင် ငြိမ်သက်နေသည့်မျက်နှာသွယ်သွယ်လေးနဲ့ ရင်ဘက်အထိစောင်အုပ်ပြီးခြုံထားကာ အိပ်နေသည့်ရှန်းလေးရဲ့ ပန်းရောင်အပ် ထိုးထားခံရသည့်လက်ကောက်ဝတ်ကလေးကိုကြည့်ရင်း အဏ္ဏဝါ့ရင်ထဲ တဆစ်ဆစ်။ ပြီးတော့ သူ့ကိုယ်သူလည်းအပြစ်တင်နေမိသည်က စက္ကန့်နဲ့အမျှ။

"My Only One" ✔️Where stories live. Discover now