PART 72(Z+U)

1.4K 106 21
                                    

Zawgyi

"ဟင့်အင်း... ဘာမှမဖြစ်ဘူး၊ အဆင်ပြေတယ်"

***

ဟန်နီးမွန်းကပြန်လာပြီးကတည်းက ဖြတ်သန်းဖြစ်ကြသည့်အိမ်ထောင်သည်ဘဝကတော့ အဏ္ဏဝါနဲ့ရှန်းအဖို့ အနည်းငယ် အသားမကျသေးဘူးဟုဆိုရမည်။

ချစ်သူအဖြစ်နဲ့တုန်းက အဏ္ဏဝါလာအိပ်ဖြစ်၊ လာနေဖြစ်ခဲ့ပေမယ့် အခုက တစ်သက်လုံးအတူနေရတော့မည်ဆိုသည့်ခံစားချက်လေးအပြင် နှစ်ယောက်အတူ တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို လုပ်ဖြစ်ကြတာကလည်း နည်းနည်းအစီအစဉ်မကျပေ။

အိမ်မှုကိစ္စပိုင်နိုင်သူလည်းမဟုတ်သည့်အပြင် နဂိုကတည်းကမှ ချက်ပြုတ်ရေးကလည်းအဆင်ချောအောင်မလုပ်တတ်လေတော့ ရှန်းမှာ ညမအိပ်ခင်ကတည်းက မနက်စာအတွက်ပူပန်မိတတ်သည်။ သို့သော် မနက်ခင်း သူအောက်ထပ်ကိုရောက်ချိန်တိုင်း အဏ္ဏဝါက တစ်ခုခုပြင်ဆင်ပြီးလို့ သူ့ကိုစောင့်နေတာနဲ့ကြုံရမြဲဖြစ်၏။
ဒီလိုရက်ကြာလာတော့ ရှန်းမှာ အားနာလာမိပြီး သူလည်းတစ်လှည့်ပြင်ဆင်ပေးနိုင်ဖို့လုပ်၏။ ဒါပေမယ့် အမည်မသိ ဟင်းလျာတွေနဲ့ မီးဖိုခန်းလေး ဗြောင်းဆန်သွားတာသာ အဖက်တင်တာမို့ ရှန်းက ဒီအပိုင်းကို လက်မြှောက်ထားလိုက်ပြီးပြီ။ ဒါကြောင့် ကြည်လင်းသန့်ရဲ့ဆိုင်ဟာ နေ့လည်၊ ည ဝင်ငွေမြဲနေပြီး ဒေါ်နှင်းမမအတွက်လည်း အိမ်အကူရှာဖွေရေးစတင်ရတော့သည်ပင်။

ဒ့ါအပြင် စီးပွားရေးကိုပဲ လုနေရသည့်ယောက်ျားသားနှစ်ယောက်နေနေသည်မို့ အိမ်သန့်ရှင်းရေးအတွက်စိတ်ပူသည့်ရှန်းက အိမ်အကူတစ်ယောက်ခေါ်ဖို့တွေးခဲ့သေး၏။ သို့သော် အမြဲတစေ မလိုအပ်ဘူးဟူ၍အဏ္ဏဝါက ဆိုတာကြောင့် ပုံမှန်သန့်ရှင်းရေးလာလုပ်ခိုင်းထားသည့်သန့်ရှင်းရေးဝန်ထမ်းကိုပဲ တစ်ရက်ခြားလာဖို့ စံစံကိုစီစဉ်ခိုင်းလိုက်ရ၏။

သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးကလည်း စတင်နေပြီဖြစ်သလို နှစ်ယောက်စလုံးရဲ့အလုပ်ကလည်း အချိန်ပြည့်ကို စတင်လာခဲ့လေ၏။ မကြာသေးခင်ကမှ ရထားသည့်စီမံကိန်းအတွက် အဏ္ဏဝါကလည်း အပြေးအလွှားမနားတမ်းလှုပ်ရှားနေရသလို၊ ဘရန်းအသစ်ထုတ်ခြင်း၊ ကွန်ဒိုအသစ်လည်ပတ်နေခြင်းစသည့်ကိစ္စတွေနဲ့ရှန်းကလည်း လက်မလည်ဖြစ်နေလေသည်။

"My Only One" ✔️Where stories live. Discover now