Part -21

101 7 0
                                    

ကျောင်းသွားလိုက်စာသင်လိုက်၊အဆောင်ပြန်လိုက်စာသင်လိုက်နှင့်ကျောင်းတက်တာ4
လတောင်ပြည့်တော့မည်။တဖြည်းဖြည်းနှင့်စာတွေလုပ်ရသည်မှာလည်းလက်မလည်၊ကျောင်းစာကတစ်မျိုး၊ဘော်ဒါဆောင်စာကတစ်မျိုးနှင့်တစ်ချိန်လုံးစာနှင့်သာလုံးချာပတ်နေကြသည်။ရှေ့လကျရင်သီတင်းကျွတ်လရောက်တော့မည်ဖြစ်သောကြောင့်ပိတ်ရက်များသဖြင့်လစဥ်သင်ရမည့်သင်ခန်းစာများထက်ကျော်ကာသင်နေရပြန်၏။ဒီကြားထဲဘော်ဒါဆောင်ကလည်းစိတ်ကူးပေါက်ရင်ပေါက်သလိုစာမေးပွဲများဖြေခိုင်းပြန်သေးသည်။ယခုလည်းစာစီစာကုံးပြိုင်ပွဲအတွက်အလုပ်ရှုပ်နေကြပြန်သည်၊စာစီစာကုံးဝင်ဖြေမည့်ကျောင်းသား၊ကျောင်းသူများကိုဓမ္မာရုံထဲတွင်သီးသန့်သက်သက်လေ့ကျင့်ပေးရင်းနှင့်စည်းကမ်းချက်များကိုပြောကြားပေးနေပေ။

အတန်းထဲမှာစာအတော်ဆုံးသုံးယောက်ဖြစ်ကြသောရှင်းသန့်အောင်၊ဝေလွင်ဦး၊ပိုးဟပ်ဖြူတို့ကလည်းဓမ္မာရုံထဲသီးသန့်လေ့ကျင့်ပေးနေကျသောအဖွဲ့ထဲတွင်ပါဝင်ပေသည်။ရှင်းသန့်အောင်ကဝင်မပြိုင်ချင်ပေမယ့်အတန်းပိုင်ဆရာမကဝင်ပြိုင်ရန်ခဏခဏလာပြောနေသောကြောင့်ဝင်ပြိုင်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်ပေ။

"ဖြေဆိုရမည့်ပုံစံနဲ့လိုက်နာရမယ့်စည်းကမ်းတွေကိုနားလည်လောက်ပြီဆိုတော့ကိုယ့်အတန်းကိုပြန်လို့ရပါပြီ"

"ဟုတ်ကဲ့ ကျောင်းအုပ်ဆရာမကြီး"

အထက(1)အထက်တန်းကျောင်းကမြို့လယ်ကောင်မှာဖြစ်သောကြောင့်ဘေးပတ်ဝန်းကျင်တွင်စတိုးဆိုင်များ၊စားသောက်ဆိုင်များနှင့်ပြည့်နှက်နေသည်။ကျောင်းသား၊ကျောင်းသူများအတွက်တော့ကျောင်းဝင်းအနောက်တောင်ထောင့်ဝင်သီးသန့်မုန့်စျေးတန်းလုပ်ပေးထားကာဗိုက်ဆာရင်စားဖို့အတွက်လည်းထမင်းဗူးလေးများလည်းရောင်းပေးကြသည်။ကျောင်းအခန်းထဲထမင်းဗူးယူပြီးမစားချင်လျှင်ဆိုင်ထဲမှာပင်စားလို့ရရန်ခုံများချပေးထားပြန်ပေ။

တပ်ကုန်းမြို့ရဲ့အဓိကဗဟိုကျောင်းတော်ကြီးဖြစ်သောကြောင့်အစစအရာရာဘေးပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေစွာနေရပြန်သည်။ကထိန်ပွဲများဖြစ်စေ၊ဘုရားဆွမ်းလောင်းပွဲများဖြစ်စေအထက(1)ကိုသာအားကိုးကျသောကြောင့်တစ်ခုခုဆိုအထက(1)ကပဲဦးဆောင်ရ၏။ပြီးလျှင်ကျောင်းခွဲဖြစ်သောအထက (2)ကလုပ်ဆောင်ရပေ။အထက်တန်းကျောင်းကြီးဖြစ်သောကြောင့်ထွက်ငွေများသလို၊ပွဲလမ်းသဘင်များလည်းပေါများသေးသည်။အားကစားရာသီရောက်ရင်လည်းဘောလုံးပြိုင်ပွဲများ၊အပြေးပြိုင်ပွဲ၊ဘက်စကတ်ဘော၊ခြင်းလုံးစသည့်ပွဲများရှိကာထိုပွဲများတွင်ဖိုင်နယ်အောင်ပါကမြို့နယ်အားကစားကွင်းများကနေတဆင့်တိုင်းအထိပါကျောင်းက school busများနှင့်အုပ်ထိန်းသူအဖြစ်အတန်းပိုင်ဆရာမများအပြင်ထရိန်နီဆင်းပေးသောအားကစားနည်းပြများပါလိုက်ကာပံပိုးပေးကြသည်။

ဆည်းလည်းသံလေးချိုလှတယ် (Complete)Where stories live. Discover now