အခန်း (၅၅၆) : လူဝင်စားများ၏ တာဝန်
ဝမ်ဝေ့က အရက်နံ့ ထွက်ကာ ဖိုသီဖတ်သီ ဖြစ်နေသည့် သူ့အား ကြည့်ကာ တိတ်ဆိတ်နေလိုက်သည်။
"သူမက ငါ့ကို ဘယ်လိုလုပ် ဒီလိုလုပ်ရတာလဲ။ ငါတို့ကို ဘယ်လိုလုပ် ဒီလို လုပ်ရက်ရတာလဲ" ကံကောင်းမှု လူဝင်စားက ပြောလိုက်သည်။
"အခု နှစ်ထောင်ချီ ကြာနေပြီ။ မင်း မှတ်ဉာဏ်တွေလည်း ပြန်ရနေပြီ အခုထိ လက်မလွှတ်နိုင်သေးဘူးလား"
"မင်းက အဲဒီနေရာမှာမှ မရှိတာ။ ဒီလို ဆိုးဆိုးဝါးဝါး နာကျင်မှုမျိုးကို ကြုံတွေ့ခဲ့မှာ မဟုတ်ဘူး။ မင်း ကြုံတွေ့တာနဲ့ ချက်ချင်း နားလည်သွားလိမ့်မယ်" ကံကောင်းမှု လူဝင်စားက သေရည်သောက်ရင်း ပြောလိုက်သည်။
ဝမ်ဝေ့၏ နှုတ်ခမ်းများက တွန့်ချိုးသွားလေ၏။ တစ်စုံတစ်ခုက ကံကောင်းမှု လူဝင်စား၏ တာဝန်ကို ပြောင်းလဲပစ်ခဲ့သည်။
သူ ငယ်စဉ်ကတည်းက သူ လိုချင်သည့် အရာအားလုံးကို ရရှိခဲ့၏။ သူသည် ကြာပန်းနီလမ်းကြားမှ ညဘက်အိမ်လျှောက် ပြန်လာစဉ် ပိုက်ဆံထုပ် သို့မဟုတ် ကျန်းမာစေနိုင်သည့် ဆေးပင်များကို ရှာတွေ့ခဲ့သည်။ ထို့ကြောင့် သူက အာဏာအပါအဝင် ဘဝတွင် မည်သည့်အရာမျှ မလစ်ဟာခဲ့ဖူးပေ။
တစ်ခါက သူသည် ပညာရှင်ကျောင်းသား ဖြစ်လိုခဲ့သည်။ နောက်ရက်တွင် သူက ဝိညာဉ်စွမ်းအား မြင့်တင်ပေးနိုင်သည့် သလင်းကျောက်တစ်ခုကို ရှာတွေ့ခဲ့သည်။ ထို့နောက် သူက မြို့ထဲရှိ နာမည်ကျော် ပါမောက္ခတစ်ယောက်၏ အသက်ကို မတော်တဆ ကယ်တင်ပေးနိုင်ခဲ့ပြီး ထိုသူက သူသိထားသမျှ အရာအားလုံးကို အလကား သင်ကြားပေးမည်ဟု ကမ်းလှမ်းခဲ့သည်။
သူ့ကံကောင်းမှုက အားကောင်းလွန်းသည့်အတွက် သူ လိုချင်သည့်ဆန္ဒအားလုံးကို ဖြည့်ဆည်းပေးနိုင်သည်။ တစ်ကြိမ်က သူသည် မိန်းမလှတစ်ဦးနှင့် တွေ့ကာ စိတ်ဝင်စားမိစဉ် သူမတွင် ယောက်ျားရှိနေခဲ့၏။ သူ့မိဘများက ကံကောင်းမှု လူဝင်စားအား ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ထားခဲ့သည်။ ထို့ကြောင့် သူက သူမအား လွှတ်ထားလိုက်ကာ နှောင့်ယှက်ဖို့ မကြိုးစားခဲ့ပေ။