ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၃၆)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၅၀၁) : ရှုကျင်းယောင်
ဝမ်ဝေ့က ဝူဟုန်ကို ပွေ့ဖက်ရင်း ကုတင်ပေါ်တွင် လဲလျောင်းနေသည်။ ထိုစဉ် သူ့ဘယ်ဖက်လက်က သူမ၏ ခြေတံရှည်များကို ပွတ်သပ်နေ၏။ သူက ခန္ဓာကိုယ်ခွန်အား တိုးလာသည်ကို စိတ်သက်သာရာရမိနေ၏။ ထိုသို့မဟုတ်ပါက သူသည် ဤရူးမိုက်မိုက်အချိန်တွင် ကြာရှည်ခံမည် မဟုတ်ပေ။
" ရှင် တာအိုနယ်ရှင် ဖြစ်လာပြီးတော့ ဘယ်လိုခံစားရလဲ" ဝူဟုန်ကမေးလိုက်သည်။
" လွတ်လပ်သွားတာလား မပြောတတ်ဘူး။ ဒါပေမဲ့ ဆုလာဘ်ကို အဲ့ထက်ပိုပြီးတော့ မျှော်လင့်ထားမိတာ"
" ရှင် ရထားတဲ့ ဆုလာဘ်တွေ အားလုံးနဲ့ဆိုရင် လောဘကြီးလွန်းမနေဘူးလား"
" တကယ်တမ်းတော့ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ဒေါသထွက်မိတယ်။ ကောင်းကင်တာအိုက တာအိုကို ကျင့်ကြံဖို့ ဘာလို့ထိုက်တန်မှုကို စစ်ဆေးနေရတာလဲ။ အဲဒါကို ဘယ်သူကများ အခွင့်အရေး ပေးထားလို့လဲ"
" ရှင်က အားနည်းနေရင် သူက ထိုက်တန်မှုကို ဆုံးဖြတ်နိုင်တာပေါ့"
ဝမ်ဝေ့က ထိုအရာကို ကြားပြီး သီးလုမတတ် ဖြစ်သွားလေသည်။ ထိုအရာက မှန်ကန်သော်လည်း သူသည် လက်ခံမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
" ဘာပဲဖြစ်ဖြစ် တစ်ရက်ကျ အဲဒီဟာက ကိုယ့်ရုပ်သေးရုပ်ဖြစ်လာမှာပဲ"
ဝူဟုန်က ထိုအရာနှင့် ပတ်သက်ပြီး ဘာမှမပြောတော့ပေ။ ထိုအစား သူမက မေးလိုက်၏ " ရှင် အထွတ်အထိပ် တာအိုအကုန်လုံးကို ဘာအကျိုးဆက်မှ မရှိဘဲနဲ့ ကျင့်ကြံလို့ရပြီ။ ရှင် ဘယ်လိုဆက်လုပ်မယ် စိတ်ကူးထားလဲ"
" မဟုတ်ဘူး။ ကိုယ်က ကံကြမ္မာတာအိုကိုပဲ အာရုံစိုက်ချင်တယ်"
" ကောင်းတယ်။ တကယ်တမ်းတော့ အရေအတွက်များတာက ပိုကောင်းတယ်လို့ အမြဲတမ်း ဆိုလိုတာတော့ မဟုတ်ဘူးလေ။ ပြီးတော့ ကံကြမ္မာက စွယ်စုံအသုံးပြုနိုင်ပြီးတော့ လူတွေရဲ့ စွမ်းအားနဲ့ စွမ်းဆောင်ရည်တွေကိုလည်း အသုံးပြုနိုင်တယ်"