ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၃၂)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၄၃၇) : ကမ်းခြေပွဲ - ပြိုင်ပွဲ
ဝမ်ဝေ့က အဖျော်ယမကာ ကောင်တာဆီ လျှောက်လာရင်း ဝူဟုန်ကို မြင်လိုက်သည့်အခါ သူမအနား ရောက်ရှိသွားသည်။ သူက သူမအား စိုက်ကြည့်ကာ ရှုစားလိုက်၏။
" ဘာဖြစ်လို့လဲ"
" ကျွန်မရဲ့ ဝတ်စုံက တစ်ခုခုလိုနေသလိုပဲ။ ဒါပေမဲ့ ဘာလိုနေမှန်းမသိဘူး"
" ဟမ်" ဝမ်ဝေ့က ရေရွတ်လိုက်ပြီးနောက် သူမအား ခြုံငုံကြည့်ကာ သူမ၏ လိုအပ်ချက်ကို နားလည်လိုက်သည်။
" မင်းက အဆင်တန်ဆာတချို့ လိုအပ်နေပုံပဲ။ ကြည့်ရတာ လက်ကောက်လိုမျိုးပေါ့"
" အဟုတ်ပဲ။" သူမက ပြောလိုက်ပြီးနောက် လက်ဝှေ့လိုက်သည့်အခါ စိန်အသေးလေးတွေ စီထားသည့် လက်ကောက်တစ်ကွင်းက သူမ၏ ညာဘက်လက်ကောက်ဝတ်တွင် ပေါ်ထွက်လာသည်။
" ပြည့်စုံသွားပြီ" သူမက အပြုံးလေးဖြင့် ပြောလိုက်သည်။ သူမ၏ ချမ်းသာကြွယ်ဝသည့် အငွေ့အသက်မျိုးက ပြီးပြည့်စုံသွားပြီဟု ခံစားမိလိုက်သည်။
ထို့နောက် သူမက သူမဘာသာ ရှုစားပြီး ပြောလိုက်၏ " ဒီပွဲက အတော်လေး အောင်မြင်မဲ့ပုံပဲ"
" မင်း ပြောတာမှန်တယ်" ဝမ်ဝေ့က ပြန်ပြောလိုက်သည် " အရှင်းဆုံးပြောရရင် လူတော်တော်များများက ရေကူးဝတ်စုံတွေက ဖော်ထုတ်ပြသနေတာတွေကို တွေးပြီး ငြင်းပယ်လိမ့်မယ်လို့ ထင်ထားခဲ့မိတာ"
" ရှင်က ကျင့်ကြံသူတွေရဲ့ အသစ်သင်ယူနိုင်စွမ်းကို လျှော့တွက်နေတာပဲ။ အထူးသဖြင့် ရှေးရိုးမဆန်သေးတဲ့ လူငယ်မျိုးဆက်ကိုပေါ့"
" အဟုတ်ပဲ"
" ဒါပေမဲ့ ရှင် နည်းနည်းပိုပြီးတော့ ရဲတင်းဖို့ လိုသေးတယ်လို့ ထင်မိတယ်။ နောက်တစ်ခါကျရင် ကိုယ်လုံးတီး ကမ်းခြေပွဲ လုပ်သင့်တယ်"