part-18

5.2K 438 21
                                    

Unicode

ချစ်မိသူ အရှုံး

(အခန်း - ၁၈ )

ရှိုင်း ထွက်သွားပြီးနောက် မိုးသောက်ယံသည် အင်္ကျီလက်နှစ်ဖက်ကို လက်မောင်းရင်းထိ ဆွဲတင်၍ အိမ်သန့်ရှင်းရေးလုပ်ရန် ပြင်တော့သည် ။ တံမြက်စည်းကို ယူ၍ တစ်အိမ်လုံးကို လှည်းကျင်းလိုက်သည် ။ ပြီးနောက် ကြမ်းခင်းကို ပြန်ကြည့်​သော် ဖုန်က ဟိုတစ်ကွက် ၊ သည်တစ်ကွက်နှင့် ကွက်ကျန်နေခဲ့ပြီး မပြောင်ချေ ။ မိုးသောက်ယံ မျက်နှာလေးမဲ့သွားပြီး နောက်တစ်ကြိမ် ထပ်လှည်းရတော့သည် ။ နဂိုတည်းက ဘာအလုပ်မှမလုပ်ခဲ့သည့်အပြင် လက်ကြောမတင်းသူရယ်မို့ တံမြက်စည်းလှည်းရုံလေးကိုပင် သေသပ်ကောင်းမွန်စွာ အဆုံးမသတ်နိုင်ချေ ။

သုံးကြိမ်မြောက်မှာတော့ တော်တော်လေး သန့်ရှင်းသွားသည် ။ ပြီး​နောက် အဝတ်စုတ်ကို ရေစွတ်၍ တစ်အိမ်လုံးကို လိုက်သုတ်သည် ။ တစ်ခုတည်းသော အခန်းလေးထဲအရောက် နှစ်ယောက်အိပ်ကုတင်လေးက သူ့ကို မျက်နှာပြောင်၍ ကြိုဆိုနေသလိုပင် ။ အရှက်ပိုသွားစေသည် ။ မိုးသောက်ယံ ပြုံးရင်း အခန်းလေးကို သန့်ရှင်းရေးလုပ်၍ အိပ်ရာခင်း နှင့် ခေါင်းအုံးစွပ်တို့ကို ရှာ၍ လဲလှယ်လိုက်သည် ။ အားလုံးပြီးသွားချိန်မှာတော့ လူက တစ်ကိုယ်လုံး ညောင်းညာပြီး ပင်ပန်းနုံးချိနေသည် ။

အိမ်ရှေ့က ခုံမှာ ထိုင်ရင်း ရှိုင်း ပြန်အလာကို မျှော်နေမိသည် ။ သူအလုပ်တွေ ပြီးသွားပြီ ဖြစ်သော်လည်း ရှိုင်းက ပြန်မလာသေးပေ ။ ရှိုင်းကို စောင့်ရင်း ပျင်းလာတာကြောင့် နှစ်ယောက်ထိုင် ကျွန်းခုံပေါ်မှာပဲ လှဲချလိုက်သည် ။ မာကြောပြီး ကြမ်းတမ်းသော အထိအတွေ့ကို သူ ဂရုမစိုက်နိုင် ၊ ပင်ပန်းနေတာကြောင့် တဖြည်းဖြည်း နှင့် မျက်စိတို့ လေးလံလာတော့သည် ။

**************

ရှိုင်း ပြန်ရောက်ချိန်၌ မိုးသောက်ယံသည် ခုံပေါ်၌ ကွေးကွေးလေး အိပ်နေလေသည် ။ ရှိုင်း မျက်မှောင်ကြုတ်သွားပြီး လက်ထဲမှ ဝယ်လာသည့် အစားအသောက်နှင့် ပစ္စည်းအိတ်တွေကို စားပွဲပေါ်သို့ အသာချလိုက်သည် ။

ချစ်မိသူ  အရှုံး ( Completed) Where stories live. Discover now