part(6)

10.3K 1.1K 7
                                    


ဘဂျမ်း

"ဘဂျမ်း....ဘဂျမ်းရေ..."

ဆေးရှိန်နဲ့အိပ်ပျော်နေရာမှ ဘဂျမ်းနိုးလာသည်။
အပြင်ကတစ်ယောက်ယောက်ခေါ်နေတယ်။
အားယူကာထရင်း...တံခါးဆီသွားရသည်။
ဖွင့်လိုက်တော့...အဆောင်ပိုင်ရှင်....
အော်....အဆောင်လခပေးရမည့်ရက်ပဲ။

"ဟာ...ဘဂျမ်း...မင်း နေမကောင်းဘူးလား"

"အင်း...ဟုတ်တယ်.....ဒီနေ့ ကယ်ရီမထွက်ဘူးလေ...အဆောင်လခလား... နေအုံး...ကျွန်တော်ယူပေးမယ်"

ပြောရင်း ဘဂျမ်း အခန်းငယ်လေးထဲ ဝင်လာလိုက်သည်။
ပိုက်ဆံ တစ်သောင်းခွဲယူပေးလိုက်သည်။ဘဂျမ်းက တစ်ယောက်ခန်းယူလို့တစ်သောင်းခွဲပေးရတာ။ ပေါင်းနေကြသူတွေက အဲ့လောက်မပေးကြရ။

"မင်း....ဆေးခန်းသွားပါလားကွ...ရာသီအကူးအပြောင်း အဖျားတွေကပြင်းတယ်...မင်း ရက်ကြာသွားမယ်....ဆေးထိုးလိုက်...ရော့... ရော့...နှစ်ထောင်ပြန်ယူ....ဆေးခန်းသွားလိုက်အုံး"

အဆောင်ပိုင်ရှင်က...ဘဂျမ်းကို ပိုက်ဆံနှစ်ထောင်ပြန်ပေးပြီး ဆေးခန်းသွားဖို့တိုက်တွန်းကာ ပြန်သွားတော့သည်။
ဒီလိုဆိုတော့လဲ မဆိုးပါလား လို့တွေးနေရသည်။
အဆောင်ပိုင်ရှင်က ဘယ်တော့မှ ရက်ကျော်ပြီးလခတောင်းတာမရှိ။ သတ်မှတ်ရက်ကွက်တိတောင်းသည်။ မပေးရင် အဆောင်ပေါ်က ဆင်းတော့။ ဘာဘာညာညာ အရှုပ်အထွေးလက်မခံ။ သူ့အဆောင်စည်းကမ်းကို အရမ်းတင်းကျပ်သည်ဟုပြောလို့တော့မရပေမဲ့...သူသတ်မှတ်ထားသည့်စည်းကမ်းဖောက်ဖျက်ရင် လက်မခံ။

ဘဂျမ်းကိုတော့ ဆေးခန်းသွားဖို့ နှစ်ထောင်ပြန်ပေးခဲ့သည်ဆိုတော့.....ဘဂျမ်း တွေးရင်းပြုံးမိရသည်။
မိမိကသာ လူတွေကို ရှောင်ဖယ်ဖယ်နေတာ။ ဒီရပ်ကွက်မှာ ရန်ဖြစ်သံလဲနေ့တိုင်းကြားရသလို ဖေးမကြ ကူညီကြတာလဲ အမြဲရှိကြသည်။
လက်လုပ်လက်စားများ အားလုံးဘဝတူတွေသာ။
ဘဂျမ်းက ထောင်ထွက်တစ်ယောက်ဖြစ်တာကြောင့် မိမိဘက်ကစပြီး လူတွေနဲ့ စည်းသားပြီးနေလိုက်တာ။ ရောရောနှောနှောနေမိပြီးမှ....အပြောအဆိုခံရရင် ထောင်ထွက်က ပိုအပြောခံရမည်လေ။

ဆေးသောက်လိုက်တာကြောင့်ရော....အစာ ဝင်သွားတာကြောင့်ရော အဖျားတော့သက်သာသွားသည်။ ခေါင်းထဲကတစ်ဆစ်ဆစ်နဲ့ဖြစ်နေပြီး....လူကချွေးတွေကြောင့် နွမ်းနေသည်။
ပုဆိုးတစ်ထည်ကို ယူကာ အဆောင်ရဲ့နောက်ဘက်က ရေချိုးရာနေရာသို့ လာခဲ့သည်။ နေ့လည်ဘက်ဆိုတော့ အဆောင်မှာ လူသိပ်မရှိ။
ရေချိုးလိုက်ချင်ပေမဲ့ အဖျားကရှင်းရှင်းမပျောက်တော့ မချိုးရဲ။ ပုဆိုးကို ရေစိုစိုဖြစ်အောင်လုပ်ပြီး တစ်ကိုယ်လုံးတိုက်ရသည်။
အသားတွေက အထိမခံနိုင်လောက်အောင် နာကျင်နေသည်။ အဲ့လောက်တောင် အဖျားကပြင်းတာပဲ။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now