part(17)

8.3K 899 7
                                    

ဒီနေ့မှာတော့ လင်းသန့်ကြည်တို့ကားဝယ်ဖို့အတွက် ကားသွားကြည့်ရန်ရှိသည်။
လင်းသန့်ကြည်ကတော့ တစ်ပတ်ရစ်ထဲက ခပ်သန့်သန့်လေးရရင်ကျေနပ်သည်။ ဝတ်ရည်ကမရ။
Brand new ကိုမှ....ကော့နေတာလိုချင်သည်။
ဒါကြောင့် ဒီနေ့ လင်းသန့်ကြည်နဲ့ပါပါးပဲ ချိန်းထားကြတာ....ဝတ်ရည်မကိုခေါ်သွားလို့မဖြစ်သေး။ လင်းသန့်ကြည်က ဂျူတီမရှိ....offသည်ဆိုပေမဲ့ ပါပါးကအချိန်သိပ်မရ။ ဆေးရုံကြီးမှာတာဝန်ကျတာတစ်ဘက် နာမည်ကြီးပုဂ္ဂလိကဆေးရုံကြီးမှာလဲ ထိုင်သေးတာ။ အချိန်ရှားသည်။
မိုးလင်းတာနဲ့ဝတ်ရည်ဆေးရုံကိုသွားရသည်။မသွားခင်
လင်းသန့်ကြည်အခန်းကို တံခါးလာခေါက်သည်။

"ဟဲ့.....ညနေ....ဆေးခန်းကိုလိုက်ခဲ့နော်...ငါတစ်ယောက်ထဲရယ်....ကိုကိုက ဒီနေ့မလာဘူးတဲ့..."

"အေးပါ....ငါ..လာခဲ့ပါ့မယ်"

"ဟဲ့....နင် တစ်ယောက်ထဲကားသွားမကြည့်နဲ့နော် ငါလဲ လိုက်မှာ...."

"အေးပါ....ကားလဲ ဝယ်ဖြစ်ပါစေအုံး....နင့်ကိုကြည့်မရလို့ကို အဲ့ကားမဝယ်ချင်တာ"

ဟိုရက်က ဒင်း လူကို တစ်ပတ်ရိုက်သွားတာကို ပြန်သတိရပြီး လင်းသန့်ကြည် ဆူပွပွပြောသည်။

"ဘာ.....အေးလေ...မဝယ်ရဲ မဝယ်ကြည့်.....ပြောတဲ့အတိုင်းပဲ လုပ်လိုက်မှာ.... တစ်ယောက်ထဲကျန်ခဲ့မှ မငိုနဲ့...."

သူကပဲ တပြန်စီး....
လင်းသန့်ကြည် စိတ်ကသာတိုတာ.... စကားကသူနဲ့ပြိုင်ပြောမတတ်.....

"သွား....သွားစရာရှိတာ..သွား.....စကားကိုများတယ်"

ဝတ်ရည် ကျောကို တွန်း တွန်းပြီး လင်းသန့်ကြည်နှင်သည်။
မြန်မြန်သွားမှ....နားအေးမှာ....လူရှုပ်မ....ဒါကြောင့် ဒင်းကို မခေါ်ဘဲ သွားမှာ....

တစ်မနက်ခင်းလုံးတော့ လင်းသန့်ကြည် အန်တီထားကိုကူပြီး ချက်ပြုတ်ပေးသည်။ နေ့လည်စာကို အန်တီထားနဲ့တူတူစားသည်။ ပြီးတာနဲ့ ပါပါးတာဝန်ကျရာဆေးရုံကို ထွက်ခဲ့သည်။

ကားကြည့်ဖို့ကိုတော့ ပါပါးအသိအကိုတစ်ယောက်က ကူညီပေးသည်။
သုံးနေရာလောက်တော့ ကြည့်ပြီးကြပြီ။ တစ်ချို့က show room လိုမျိုးဖွင့်ထားသည်။ တစ်ချို့ကတော့ ကိုယ့်ခြံထဲကိုယ် ကားတွေထားပြီး ရောင်းနေကြတာ။
ကြည့်ဖြစ်ကြတာတော့ ကားသေးသေးတွေ 1300CC 1500CC လောက်တွေချည်းသာ။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now