part(8)

9.6K 1.1K 3
                                    


ဘဂျမ်း

ဘဂျမ်း....တစ်ရက်လုံးလုံးနားလိုက်ရသည့်အတွက် နောက်တစ်နေ့မနက်တွင် အဖျားလဲသက်သာသလိုဖြစ်သွားသည်။ လူကတော့ အတော်ကို နုံးသည်။ မနက်စောစောထကာ မုန့်ဟင်းခါးကိုဗူးသီးကြော်နဲ့ပူပူလေး စားချင်စိတ်ကဖြစ်သည်။
လမ်းထပ်က မုန့်ဟင်းခါးဆိုင်မှာ ဘဂျမ်း မုန့်ဟင်းခါးအရင်စားသည်။ ဆေးတစ်လုံးလောက်ထပ်သောက်ထားမည်ဟု...လဲတွေးသည်။

နလန်ထကာစမို့ စားချင်စိတ်ဖြစ်သည်ဆိုပေမဲ့ တကယ်တမ်းစားတော့ အရမ်းတော့အဆင်မပြေပြန်။ ခါတိုင်းဆိုအရသာရှိရှိစားရတဲ့ မုန့်ဟင်းခါးက ဒီနေ့မှခံတွင်းမတွေ့တော့။ အမေ့လက်ရာ ငါးကိုအားပြုပြီးချက်ထားတဲ့မုန့်ဟင်းခါးကိုလဲ လွမ်းမိသည်။
တတ်နိုင်သလောက်ဝင်အောင်စားပြီး ဆေးသောက်လိုက်သည်။

ဘဂျမ်းကယ်ရီဂိတ်ကို လာခဲ့သည်။ တစ်နေ့အလုပ်မလုပ်ရင် တစ်နေ့သိသာသည်။ ငွေလဲမဝင်သလို လူကလဲ အလုပ်မရှိရင်မနေတတ်။

ကယ်ရီဂိတ်တွင်တော့ထုံးစံအတိုင်းကျွက်စီ ကျွက်စီနှင့်။ ဘဂျမ်းကိုလဲ နေမကောင်းဘူးလားလို့မေးကြသည်။ ဘဂျမ်းပုံက နေမကောင်းတာသိသာနေတာဖြစ်မည်။ အိမ်မှာ မှန်မရှိတော့မကြည့်ဖြစ်တာကြာပြီ။ ဘာပုံပေါက်နေလို့ လူတိုင်းမေးသည်တော့မသိ။

ဒီနေ့ တနင်္ဂနွေနေ့ပဲ....ကယ်ရီဂိတ်တွင်လူစည်သည်။
စျေးတန်းလေးလဲရှိပြီး မနီးမဝေးတွင် မြို့ဦးစေတီလဲ ရှိတာကြောင့် ပိတ်ရက်ဆို လူတွေ ပွဲစျေးငယ်လေးအလားရှိတတ်သည်။ ရွှေ့ပြောင်းလုပ်သားများသည့်မြို့ငယ်လေးဖြစ်တာကြောင့် နယ်မှာနေထိုင်သည့်ပုံစံတွေက မြို့ရောက်သည့်တိုင် မပြောင်းမလဲရှိတတ်သည်။ ပိတ်ရက်ဆို ဘုရားသွားမည်။ စျေးဝယ်ကြမည်။ သူငယ်ချင်းတွေနဲ့ချိန်းကာ အပြင်ထွက်​ကြတော့​သည်။
.
.
.
.
နေ့လည်လောက်ရောက်တော့ ဘဂျမ်း ကယ်ရီလေးခေါက် ဆွဲပြီးခဲ့ပြီ။ ပိုက်ဆံလဲ ငါးထောင်ကျော်ရပြီ။
ထမင်းက စားချင်စိတ်မရှိတာကြောင့်မစားမိ။ လူက မူးနောက်နောက်တော့ဖြစ်နေသည်။ နာလန်ထစမို့နေမှာဟုတွေးကာ ဂိတ်မှာကိုယ့်အလှည့်ပြန်ထွက်ဖို့စောင့်ရင်း အိပ်လိုက်ရင်ရမှာပါဟု ပေါ့ပေါ့လေးတွေးမိသည်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now