အခန်း-၁

12.5K 578 16
                                    

[Zawgyi]

အဝါရောင် အိပ်မက်တစ်ခု၏နိဒါန်း....

"သွန်းမဟာ စံအိမ်"

အမည်နာမနှင့် အထူးလိုက်ဖက်လေသည့် ထိုစံအိမ်ကြီးက ခန့်ညားထည်ဝါမှုအပြည့်ဖြင့် ရန်ကုန်မြို့၏ လူကုံထံများ နေထိုင်ရာအရပ်၌ ခမ်းနားစွာတည်ရှိနေသည်။
ကြီးမားကျယ်ပြန့်လှသော ခြံဝန်းကျယ်ကြီး၏ လေးဘက်လေးတန်အတွင်းတွင် အမျိုးမျိုးအဖုံဖုံသော သစ်ပင်၊ပန်းမန်တို့ကလည်း 'သွန်းမဟာစံအိမ်'အား ဝေဆာစွာ၊လှပစွာဖြင့် ခြံရံလျက်ရှိ၏။

ထိုစံအိမ်ကြီး၏အတွင်း ဧည့်ခန်းထဲရှိ ဆိုဖာခုံတစ်ခုပေါ်တွင်တော့ အသက်သုံးဆယ်ကျော် လေးဆယ်အရွယ် အမျိုးသမီးတစ်ဦးက စိတ်အလိုမကျသည့် မျက်နှာထားဖြင့် ထိုင်နေသည်။ ထိုအမျိုးသမီးသည်ကား အိမ်ကြီးရှင် 'ဒေါ်လွန်းသီရိမြတ်'ဖြစ်၏။

"ကျွန်တော့်တူလေးကို ခေါ်ထားခွင့်ပြုပါ မမလေးရယ်။
မင်းခလေးမှာ ကျွန်တော်ကလွဲရင် အားကိုးရမယ့်လူမရှိလို့ပါ။
ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ပေးမှ ဖြစ်မှာမို့လို့ပါဗျာ"

"....."

"မမလေးတို့ လိုအပ်တာရှိရင်လည်း ခိုင်းလို့ရပါတယ်။ မင်းခလေးကလည်း လိမ္မာပြီးသား ကလေးလေးပါ"

ဒေါ်သီရိ စိတ်ရှုပ်ထွေးစွာဖြင့် လေပူတချို့ရှိုက်ထုတ်လိုက်သည်။
ကိုယ့်ဟာကိုယ် အာရုံနောက်နေရသည့်အထဲ ဦးသက်လွင်တို့က တဂျီဂျီ။

ခုရက်ပိုင်း သူမကပဲ မြင်သမျှ စိတ်တိုင်းမကျ ဖြစ်နေ၍လားမသိ။ ပုံမှန်ဆိုလျှင် သဘောထားသေးသိမ်သည့်သူမျိုး မဟုတ်သော်ငြား အခုကိစ္စမှာတော့ 'အသုံးမဝင်သည့် လူပိုများကို အိမ်မှာခေါ်မထားချင်'ဟူသည့် ခပ်ရင့်ရင့်အတွေးမျိုးက ဝင်နေ၏။

သို့သော် ဦးသက်လွင်ဆိုသည်မှာလည်း ဤအိမ်ကြီးတွင် သစ္စာရှိစွာဖြင့် နှစ်အတော်ကြာအောင် ရိုးရိုးသားသား အလုပ်လုပ်နေခဲ့သူတစ်ဦးဖြစ်သည်။ သူ့တူကို ခေါ်ထားခွင့်မပြုနိုင်ပါဟု ငြင်းလိုက်လျှင်လည်း
သူများဝေဖန်ချင်စရာ ဖြစ်သွားဦးမည်။

အဝါရောင်အိပ်မက် (completed)Where stories live. Discover now