အခန်း-၆

3.2K 249 12
                                    

[Zawgyi]

အတိတ်ကာလတစ်ခု.....

"ငါ စာမေးပွဲပြန်မဖြေတော့ဘူး လွန်း"

ရုတ်တရက်ဆိုလာသည့် မြသား၏စကားက အဆက်အစပ်မရှိ။ လွန်းသီရိ အံ့သြသွားသည်။
မြသား၏ ဆံနွယ်ရှည်များကို ကိုင်ဆော့နေသည့် သူမ၏ လက်ချောင်းလေးများသည်ပင် လှုပ်ရှားနေရာမှ ရပ်တန့်သွားကြ၏။

"ဘာဖြစ်လို့လဲ"

"အိမ်မှာက နင်သိတဲ့အတိုင်းပဲ လွန်းရယ်။ ဘာတစ်ခုမှ
အဆင်ပြေတာ မရှိဘူးလေ။ နောက်ပြီး ငါကလည်း ဥာဏ်ကောင်းတာမဟုတ်ဘူး"

မြသားက လေးလေးပင်ပင် သက်ပြင်းတစ်ချက်နှင့်အတူ ရင်ဖွင့်စကားတို့ ပွင့်အံကျလာသည်။ လွန်းသီရိ စာနာသနားစွာဖြင့် ရင်မောလာရပါ၏။

"အဖေကလည်း အခုဆို မိုးလင်းကမိုးချုပ်
အရက်ပဲသောက်နေတော့တာ။ အလုပ်ကို လုံးဝမလုပ်တော့ဘူး။ နင်သိတဲ့အတိုင်း အမေနဲ့ မောင်လေးကလည်း ဘာမှမလုပ်တတ်၊မကိုင်တတ်။ ငါအလုပ်ထွက်လုပ်မှကိုဖြစ်တော့မယ့် အခြေအနေပါဟာ"

"....."

"နင်ကတော့ ကံကောင်းပါတယ်။ ဘာမှပူပင်စရာမရှိဘူး။ ငါတော့လေ နင့်လိုမျိုး အရမ်းဖြစ်ချင်တာပဲ သိလား။"

"....."

လွန်းသီရိက မြသားပြောသမျှကို ငြိမ်၍နားထောင်နေသည်။

ဟုတ်သည်။ မြသားတို့မိသားစုအကြောင်း စဉ်းစားကြည့်မိတော့ ဘာတစ်ခုမှ စိတ်ချမ်းသာစရာမရှိ။

တစ်နေ့လုပ်/တစ်နေ့စားဖြစ်သည့် လက်လုပ်လက်စား မိသားစုတွင် အဖေကအရက်သမား၊ အမေကလည်း ဘာမှလုပ်တတ်တာမရှိ။

မောင်ဖြစ်သူကလည်း အရွယ်ငယ်ပေမယ့် ဇကတော့မသေး။ ထစ်ခနဲရှိ ရန်ဖြစ်/ ရန်ဖြစ်တိုင်းလည်း တစ်ဖက်ကလူကို ထိပ်ပေါက်၊ခေါင်းကွဲဖြစ်အောင် လုပ်တတ်သူမို့ အချုပ်ထဲ ရောက်သည်ကလည်း ခဏခဏ။

မြသားကရော?
မြသားက မိသားစုကိုချစ်သည်။ ပညာရေးမှာတော့
မြသားက မှတ်ဥာဏ်သိပ်မကောင်းသည့်သူမျိုးထဲမှာပါ၏။ တစ်နေ့လုံးကျက်၍ စာတစ်ပုဒ်ရဖို့ကိုတောင် အနိုင်နိုင်။
ရည်မှန်းချက်ကြီးကြီးမားမားလည်း မရှိသည့်ပုံပါပဲ။  အမေဖြစ်သူ၏ ဆန္ဒကြောင့်သာ ဆယ်တန်းစာမေးပွဲကို အကြိမ်ကြိမ်ပြန်ဖြေနေရသည်။ ပညာရေးကို စိတ်ဝင်တစား သိပ်မရှိ။ ကိုယ့်ချစ်တဲ့သူအကြောင်း မကောင်းမပြောချင်ပေမယ့် မြသားက လေးလေးနက်နက် သိပ်မရှိတတ်တာတော့ အမှန်ပဲဖြစ်သည်။

အဝါရောင်အိပ်မက် (completed)Where stories live. Discover now