အခန်း-၆၅

1.7K 126 12
                                    

[Zawgyi]

"ဟယ်လို"

"......."

"ဟယ်လို"

"......"

"ဟယ်လို.. ဘယ်သူပါလဲရှင်"

ပထမဆုံးအကြိမ်အဖြစ် သူ့ဘက်ကစ၍ မေလွန်းအား လိုလိုလားလားဖြင့် ဖုန်းခေါ်ပြီးခါမှ မေလွန်းအသံကြားသည်နှင့် အာစေးမိနေသူလို အသံမထွက်နိုင်တော့။

ခဏကြာအောင် ငြိမ်နေမိသည်။ ပြီးမှ သက်ပြင်းသဲ့သဲ့ချကာ လက်ထဲကဖုန်းကို တင်းနေအောင် ဆုပ်ကိုင်လိုက်ရင်း....

"ကျွန်တော်ပါ မေလွန်း"

"သွန်းလေး~"

သွန်းလေးဆိုသည့် မေလွန်း၏ခေါ်သံက တုန်ရီလှိုက်လှဲစွာ။ ဝမ်းမြောက်ဝမ်းသာစွာခေါ်လိုက်သည့် ထိုအသံ၌ ရှိုက်သံအချို့ပါ ကိန်းအောင်းပျော်ဝင်နေခဲ့သည်။

ပျော်သွားတာလား။ ဝမ်းနည်းသွားတာလား။
သွန်းအုပ် ကိုယ့်စိတ်ကိုယ်လည်း ခွဲခြားပြီးမတွေးလိုက်နိုင်။ ရင်ထဲမှာ နင့်ခနဲခံစားလိုက်ရတော့ သေချာသည်။

"သွန်းလေး~ သွန်းလေးမလား။ မေလွန်းရဲ့သွန်းလေး"

သူ့နာမည်ကို တဖွဖွရေရွတ်ရင်း ငိုနေသည့်မေလွန်းကြောင့် သူပါ မျက်ရည်များဝဲလာရပြီ။ သို့သော်လည်း သူ ခပ်ဖွဖွ ပြုံးနေခဲ့မိပါသည်။

တကယ်ဆို သူလည်း မေလွန်းကိုချစ်သည်။
အရမ်းချစ်လွန်း၍လည်း သစ္စာဖောက်ခံရချိန်၌ အရမ်းမုန်းမိသွားခြင်း ဖြစ်လိမ့်မည်။ အခုချိန်မှာတော့ သူ့တသက်လုံး မေလွန်းအား မုန်းတီးလာရတာမို့ ပင်ပန်းသွားခဲ့ပြီထင်၏။

စကားဆက်ပြောဖို့ အချိန်ခဏကြာအောင် အရှိန်ယူနေရပြီးမှ...

"မေလွန်း နေမကောင်းဘူးဆို"

ဒေါ်သီရိက ခပ်ယဲ့ယဲ့ပြုံးရင်း...

"အင်းး ဒီလိုပါပဲ။ သွန်းလေးရော နေကောင်းတယ်မလား"

"ကောင်းပါတယ်"

သွန်းအုပ် ခပ်တိုတိုသာ ပြန်ဖြေမိသည်။ စကားစပြတ်မသွားအောင် ဘာဆက်ပြောရမလဲဆိုတာကို အပူတပြင်းစဉ်းစားနေသော်လည်း ဘာအတွေးမှပေါ်မလာ။ ချစ်ချိန်ထက် မုန်းခဲ့တဲ့အချိန်က ပိုများတာမို့
အခုလိုအချိန်မှာ စကားတွေဖောင်ဖွဲ့ပြီး ပြန်ရင်းနှီးအောင်လုပ်ဖို့အတွက် နှုတ်ကလည်း မဝံ့မရဲဖြစ်နေသည်။

အဝါရောင်အိပ်မက် (completed)Where stories live. Discover now