အခန်း-၄၆

1.8K 137 12
                                    

[Zawgyi]

မင်းခက နှစ်ခါပင်ခေါ်စရာမလို။ ပုံရိပ်က အဝတ်အစားအပိုပါ အဆင်သင့်ထည့်ယူပြီး ဖြစ်သွားပြီ။ လိုက်ချင်သည်၊ မလိုက်ချင်သည်မပြောနှင့်။ 'လိုက်မလား'ဟုပင် မမေးရသေး။ 'လိုက်လို့ရမလား'ဟု စကားစတဲ့အထိ။

တစ်ခါမှအပျော်ခရီးမထွက်ဖူးခဲ့သည့် ပုံရိပ်က
အခုခရီးစဉ်အတွက် တော်တော်လေးစိတ်လှုပ်ရှားကာ ပျော်ရွှင်နေသည်။ အပျော်လွန်နေသည့် ပုံရိပ်၏ မျက်နှာထက်ရှိအပြုံးများက ကားပေါ်တတ်ချိန် သွန်းအုပ်ကိုမြင်တာတောင် ပျောက်မသွား။

မင်းခ၏ဘေးတွင် ပုံရိပ်ကထိုင်သည်။ စွမ်းထက်ကတော့ ဒရိုင်ဘာ၏ဘေးတွင် ပြောင်းထိုင်ပေးသည်။

သွန်းအုပ်၏မျက်နှာက မှုန်သုန်နေပြီး ဇာနည်ကတော့ မျက်နှာသိပ်မကောင်းချင်။ စောစောကအထိ အဆက်မပြတ် စကားများဖောင်ဖွဲ့နေခဲ့သည့် သွန်းအုပ်နှင့်ဇာနည်က ကားပေါ်သို့ ပုံရိပ်ရောက်လာကတည်းက အသံမထွက်ကြတော့။

ကားစထွက်ပါပြီဆိုကတည်းက ပုံရိပ်က ရေပက်မဝင်အောင် မင်းခကို စကားတွေပြောလာသည်။ ရွှန်းရွှန်းဝေနေသည့် အပြုံးများက ပုံရိပ်ဘယ်လောက်ပျော်နေသလဲဆိုတာကို သိသာစေ၏။ မင်းခကလည်း အလိုက်သင့် စကားပြန်ပြောနေတာမို့ ပုံရိပ်တို့စကားစကမပြတ်။

တစ်ကားတည်းစီးပြီး ခရီးတည်းသွားနေကြသော်လည်း
သူ့ကို သတိထားမိပုံပင်မပေါ်သည့် ပုံရိပ်ကြောင့် ဇာနည် စိတ်မကောင်းတော့ဖြစ်ရသည်။
မင်းခတစ်ယောက်တည်းကိုသာကြည့်ပြီး၊ မင်းခဘေးတွင်ထိုင်ကာ၊ မင်းခကိုချည်းစကားတွေ ဖောင်ဖွဲ့နေသည့်ပုံရိပ်က သူအပါအဝင် ကျန်သည့်သူများကို အာရုံထဲရှိပုံမရ။

သွန်းအုပ်၏မျက်နှာ မှုန်တေတေကြောင့်လည်း ဇာနည့်မှာ သွန်းအုပ်ကို အားနာနေမိသည်။

အားလုံးကို အဆင်ပြေသွားစေချင်လို့ ဒီခရီးစဉ်ကိုစီစဉ်ကာမှ သူစိုးရိမ်နေခဲ့သလို ပိုဆိုးသွားတော့မှာလား?

ဇာနည် သက်ပြင်းမောချမိသည်။ လောလောဆယ်အထိတော့ ဘာပြဿနာမှမရှိသေးတာမို့ ကြိုတွေးပြီး ပူပန်မနေချင်တော့။ အိတ်ထဲက ဖုန်းကိုထုတ်ယူလိုက်သည်။ voice recorderကို ဖွင့်လိုက်ပြီးနောက် ကြည်နူးစွာပြုံးမိရ၏။

အဝါရောင်အိပ်မက် (completed)Where stories live. Discover now