Part-23(U+Z)

34.7K 2.8K 79
                                    

လက်ကောက်ဝတ်မှကြယ်သီးကိုတပ်ပြီးချိန်မှာတော့ဘုန်းဟန်, မှန်ထဲမှပုံရိပ်ကိုကြည့်လိုက်၏။လည်ကတုံးအင်္ကျီအဖြူ ခရမ်းရောင်ကွက်စိပ်ပုဆိုးတို့ဖြင့် ၅'၁၁"အရပ်အမောင်းမှာ ပနံသင့်ပြီးတင့်တယ်နေလေသည်။ လှန်ဖြီးထားသဖြင့်နဖူးရာအတိုင်းပြေပြေလေးစောင်းနေသော ဆံသားအချို့ စိမ်းဖန့်နေသောနှုတ်ခမ်းအပေါ်အောက်ဧရိယာတစ်ဝိုက်နှင့် ပါးသိုင်းရာတို့ကိုအကြည့်ရောက်ချိန်မှာတော့...

(ပြောလို့ပြောတာမဟုတ်ဘူး ချမ်းရဲ့..မင်းကိုကိုကအရမ်းချောတာ...)

သူအတွေးသူပြုံးမိပြီး မှန်တင်ခုံစားပွဲပေါ်မှနာရီကိုယူကာပတ်လိုက်လေ၏။ နာရီပတ်စဥ်အညိုဖျော့ရောင်ဆံသားလက်ပတ်လေးနဲ့ထိမိချိန်တိုင်းမမြင်ရတဲ့အားအင်တွေကတိုးလာသလိုပင်။ ထို့နောက် ဘုန်းဟန်,သည်တိုက်ပုံကိုလက်မှာချိတ်လိုက်ရင်းသီချင်းလေးညည်းကာလှေကားအတိုင်းအောက်ဆင်းလာခဲ့လေ၏။

"ဒါ...နောက်ဆုံးအချစ်တစ်ခုနဲ့...ဒီဘဝခရီးစချင်ခဲ့..ကိုယ့်ရဲ့ရင်မှာဝင်လာဖြစ်တည်နေတဲ့ အချစ်တစ်ခုရှိတယ်...ထာဝစဥ်သိမ်းဆည်းထားခဲ့..မင်းလေးယူနိုင်တယ်..ဒါမင်းအတွက်သီးသန့်ဘဲ..."

အောက်ရောက်ပြီးထမင်းစားခန်းထဲအဝင် သူ့အတွက်ပဲပြုတ်  ထမင်းပန်းကန်လေးချပေးနေတဲ့အမေက သူ့အနားရောက်လာပြီး အင်္ကျီအပေါ်ဆုံးမှရွှေကြယ်သီးကိုတပ်ပေးလာ၏။

"ရိုးရာဝတ်စုံဝတ်ရင်ကြယ်သီးအပြည့်တပ်ရတယ် သား...ခန့်ညားတဲ့မြန်မာအမျိုးသားတစ်ယောက်ရဲ့ပြီးပြည့်စုံမှုမှာကြယ်သီးအပြည့်တပ်တာလည်းပါတယ်...ကော်လံပါတဲ့အင်္ကျီဆိုရင်တော့မတပ်နဲ့ပေါ့စိတ်အိုက်ပေမယ့်ခဏတော့သည်းခံ..အစည်းအဝေးပြီးမှပြန်ဖြုတ်ပေါ့"

ဟုတ်ပါသည်။ယနေ့သူ့ကိုHAN Group၏CEOအသစ်အဖြစ်ခန့်အပ်မည့်ဒါရိုက်တာအစည်းအဝေးနေ့ဖြစ်ပါသည်။ ရံဖန်ရံခါမှသာ Suitဝတ်လေ့ရှိသောအဖေသည် အရေးကြီးသည့်အစည်းအဝေးများရှိလျှင်မြန်မာဝတ်စုံပြည့်ကိုသာအမြတ်တနိုးဝတ်ဆင်၏။ ရှပ်အဖြူနှင့်စတိုင်ပန်အနက်ကိုရုံးယူနီဖောင်းအဖြစ်သတ်မှတ်ထားသောလုပ်ငန်းစုသည် တနင်္လာနေ့တိုင်း လည်ကတုံးအဖြူနှင့်နီညိုရောင်ပုဆိုးကိုဝတ်ဆင်စေခြင်းဖြင့်ရိုးရာကိုမမေ့စေအပ်ပါသည်။အမျိုးသမီးဝန်ထမ်းများအတွက်မူ အဖြူ/အနက် အဖြူ/နီညို များအသုံးပြုစေပြီးနှစ်သက်ရာချုပ်လုပ်ဝတ်ဆင်ခွင့်ပြုပေးထားပါသည်။ ဤသည်ကားအရှိန်အဝါကြီးသော 'ဟန်' ၏ရိုးရှင်းသောစည်းကမ်းချက်။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now