Part-63 (U+Z)

23.6K 1.5K 154
                                    

မြန်မာသက္ကရာဇ် ၁၃၈၃ခု ၊ တန်ခူးလဆန်း ၂ ရက်...
ခရစ်နှစ် ၂၀၂၁ ခုနှစ် ၊ ဧပြီလ ၁၃ ရက်...အင်္ဂါနေ့...
တစ်နည်းအားဖြင့် သင်္ကြန်အကြိုနေ့....။

အမိုးပြာနဲ့အိမ်လေးရဲ့ အပေါ်ထပ်ဘုရားခန်းမှာထိုအိမ်ရဲ့မိသားစုဝင်တွေချည်းဘဲသီးသန့်ရှိနေပါ၏။ ဦးမြတ်ဟန် ဒေါ်မေသူအောင်ရယ် ထိုအိမ်ရဲ့အသက်အကြီးဆုံး ဖွားမှုံရယ်ဟာခေါင်းရင်းဘက်အခြမ်းမှာထိုင်နေပြီး သူတို့နဲ့မျက်နှာချင်းဆိုင်မှာတော့ လည်ကတုံးအင်္ကျီအဖြူဆင်တူ၊ ချည်သားကြောင်ခြစ်အဆင်ခရမ်းနုရောင်ပုဆိုးဆင်တူဝတ်ထားတဲ့နှစ်ယောက်ရှိနေပါ၏။

တိတ်ဆိတ်နေတဲ့ဘုရားခန်းထဲမှာ တစ်ဂျီးဂျီးနဲ့မော်တာလည်နေသံတစ်ခုသာလွင့်ပျံနေပါသည်။ လူကြီးသုံးယောက်ကခေါင်းချင်းဆိုင်ပြီး ထိုအသံလေးထွက်ပေါ်နေသည့်အဓိကနေရာအား စိတ်ဝင်တစားကြည့်နေကြလေ၏။

ကျွန်းသားစားပွဲခုံပုလေးပေါ် ချမ်း,ရဲ့ဘယ်ဘက်လက်ကလေးတင်ထားလျက်သားရှိနေပြီး ကိုကိုကတော့ထိုလက်ကလေးကိုသူ့ဘယ်လက်နဲ့ညင်ညင်သာသာကိုင်ထားကာ တက်တူးထိုးစက်ကိုင်ထားတဲ့ ညာဖက်လက်ကတော့ ချမ်း,ရဲ့ဘယ်ဘက်လက်သူကြွယ်လေးအပေါ်စာလုံးတချို့ရေးခြစ်နေ၏။

ချမ်း,သူ့ရှေ့မှာရှိနေတဲ့ကိုကို့မျက်နှာကိုကြည့်နေမိသည်။ မျက်ခုံးတွေအနည်းငယ်တွန့်ချိုးထားတာက သူလုပ်နေတဲ့အလုပ်အပေါ်အာရုံစူးစိုက်မှုအပြည့်။ ချမ်း,လက်သူကြွယ်လေးမှသွေးလေးစို့စို့တစ်ခါထွက်လာတိုင်း ကိုကိုရဲ့မေးရိုးတွေတစ်ခါတင်းလေ၏။ စာလုံးတစ်လုံးရေးပြီးတိုင်းလက်ချောင်းလေးကိုလေနုအေးလေးမှုတ်ပေးလိုက် စိုးရိမ်တကြီးကြည့်လာလိုက်နဲ့လုပ်နေသူက ကျွန်တော်အဆင်မပြေမှာကိုအလွန်စိုးထိတ်နေပုံရသည်။ ကိုကိုအဲ့ဒီလိုကြည့်လာတိုင်း ကျွန်တော်ကပြုံးပြခေါင်းညိတ်ရင်းသာအဆင်ပြေကြောင်းသိစေရ၏။

"ဟန်" ဆိုသောစာလုံးတစ်လုံးထွင်းပြီးချိန်မှာတော့ လှိုက်တက်လာတဲ့ခံစားချက်ကမျက်ရည်များဝဲတက်လာစေတဲ့အထိထိုးနှက်၏။

" အောင် ဘုန်း ဟန် " နာမည်လေးတစ်ခုပြည့်စုံသွားလေပြီ။ လက်သူကြွယ်ပေါ်ရောက်လာတဲ့ ထိုနာမလေးကသက်ရောက်မှုပြင်းထန်မယ်မှန်းမခန့်မှန်းမိခဲ့။ သူကဘဲကျွန်တော့်အတွက်ကိုအရင်ဖြစ်တည်နေခဲ့သလား။ ဒါမှမဟုတ်ကျွန်တော်ကဘဲ သူ့အတွက်ကိုဖြစ်တည်လာရသလား မပြောတတ်တော့ပါ။ ၂၃ နှစ်တိုင်တိုင်ဒီမိသားစုလေးထဲမှာ ကျင်လည်ကြီးပြင်းလာတဲ့ကျွန်တော် နောင်နှစ်ပေါင်းများစွာ ဒီမိသားစုလေးထဲမှာဘဲကျင်လည်ရပေဦးတော့မည်။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now