part (20)

14.5K 929 44
                                    

Unicode

ဆောင်းဝင်စ နံနက်ခင်း၏ ရနံ့....
ထို့အတူ နံဘေးနားရှိ ကိုယ်သင်းရနံ့....
ပြီးတော့... အရက်နံ့ ။
ထိုအနံ့များအား သတိထားမိခြင်းနှင့်အတူ မောင် နိုးလာပါ၏ ။

"အား...လည်ချောင်းတွေ နာလိုက်တာ "

လည်ချောင်းများ နာလွန်း၍ အသံတိုးတိုးသာ ထွက်နိုင်လေသော မောင်မှာ မျက်လုံးလည်း ဖွင့်မရသေးပေ ။
ခေါင်းထဲကပါ တဆစ်ဆစ်နှင့် ကိုက်လွန်းလှ၏ ။

"ရေသောက်မလား "

ရင်းနှီနေသည့် အသံပိုင်ရှင်ကတော့ လောင်းရိပ်ရင်ခွင်ပဲပေါ့ ။

အသံက မောင်နှင့် တော်တော်နီးနီးကို ကြားနေရပါ၏ ။ မပွင့်သေးသော မျက်လုံးအား အားယူ၍ ဖွင့်လိုက်ချိန်မှာတော့ မပွင့်တပွင့် အနေအထားမှ ပြူးကျယ် ဝိုင်းစက်သော မျက်ဝန်းများ ဖြစ်သွားလေသည်။
အခု မောင်ရောက်နေသည်မှာ လောင်းရိပ်၏ ရင်ခွင်ထဲ၌ အခန့်သား မှီလှဲနေခြင်းပင် ။ လောင်းရိပ်၏ ခါးအား.လက်တစ်ဖက်ဖြင့် ဖက်ထားသလို လောင်းရိပ်၏ လက်မောင်းကိုလည်း.ခေါင်းအုံးသဖွယ် အုံးထားလေ၏ ။
လောင်းရိပ်က သူ့ရင်ခွင်ထဲမှ မောင်အား မနက်ခင်၏ ကြည်လင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေလေသည်။

"နိုးရင်လည်း ထတော့ ၊ တစ်ညလုံး ကိုယ့်ရင်ခွင်ထဲကနေ ဖယ်လို့ကိုမရဘူး "

အသံထဲမှ ရယ်ရွှင်မှုက ကပ်ပါနေသော်လည်း မောင့်မျက်နှာကတော့ ကြောက်လန့်နေသည့် ပုံပင် ။
မောင် ထထိုင်လိုက်တော့ လောင်းရိပ်က အိပ်ယာဘေး စားပွဲပေါ်မှ ရေဘူးအား လှမ်းပေးလေသည်။

"ရေခွက်တော့ မရှိဘူး ရေသောက်လိုက်ဦး "

မောင် မယူရဲသေးပါ ။ မှင်သက်နေသော အကြည့်တို့အား လောင်းရိပ် သတိထားမိ၍ မောင့်လက်ထဲသို့ ရေဘူးထည့်လိုက်ရလေသည်။

"သောက်လေ.. "

ထိုအခါမှ သတိပြန်ဝင်လာသောသူလို ရေအား အငမ်းမရသောက်လေတော့၏ ။

"ဖြေးဖြေးသောက်ပါ သီးနေဦးမယ် "

"ဟိုလေ... "

"အင်း...ဘာလဲ "

"ဒီကို ဘယ်လိုပြန်ရောက်လာတာလဲဟင် "

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now