Chapter-14

13K 1.5K 63
                                    

Unicode

မြတ်နိုးစိတ်အား ရိပ်မိခြင်း ၄

မနက်၄နာရီလောက်ကတည်းက အိပ်ရာထအထုပ်အပိုးတွေပြင်ရတာ ငါးနာရီ‌ထိုးခါနီးထိ
ချစ်နိုင်းမျက်နှာမသစ်ရသေး။ သူတို့သွားရမည့် ခရီးက ရက်ရှည်ဖြစ်တာကြောင့် အပိုပစ္စည်းမသယ်ပဲ တကယ်လိုနိုင်သည့်ပစ္စည်းတွေကိုသာယူကြရ၏။ဒါကြောင့်လည်း နဂိုပြင်လာသည့်ထဲမှ အပိုဖြစ်နိုင်သည့် အဝတ်စားနှင့်ဖိနပ်တစ်ချို့ကိုထုတ်ကာ လက်ဆောင်ပစ္စည်းတွေနား ပုံထားလိုက်ရသည်။ မလိုအပ်တာတွေ ကိုဒီးရမ်တို့အိမ်မှာထားခဲ့ကြရမည်။

ငါးနာရီထိုးကွက်တိမှာပဲ တတီတီဟွန်းသံနှင့်အတူ လိုက်ပို့မည့်ကားက ရောက်လာသည်။
အေးစက်နေသောရေတွေကြောင့် တုန်တုန်ယင်ယင်ဖြင့် မျက်နှာအမြန်သစ်ကာ
ကိုဒီးရမ်တို့ မီးမိုးချောင်ထဲ မီးဝင်လှုံရသေး၏။ တင်ရမည့် ဆေးပစ္စည်းတွေ၊ သူတို့အထုပ်တွေနှင့် မတော်တဆလမ်းမှာကြာခဲ့လျှင်စားဖို့အိပ်ဖို့အထုပ်တွေပါတင်ရသည်။
မနေ့ညက ဆရာဦးပြောတာတော့ နှင်းအကျများလျှင် ခရီးသိပ်မတွင်နိုင်ပါဘူးတဲ့လေ။

4x4ကားကြီးနှစ်စီး ပူတာအိုမြို့ထဲကထွက်လာတော့ မနက်ငါးနာရီခွဲ။ မှောင်လို့မှိုင်းလို့ကောင်းတုန်းမို့ ကားမီးဖွင့်ကာမောင်းလာခဲ့ရသည်။မြို့ငယ်လေးက လျှပ်စစ်မီးရောင်အောက်မှာအိပ်မောကျနေဆဲပင်။ ချစ်နိုင်းလက်ထဲမှာတော့ ကိုဒီးရမ်အမျိုးသမီးကြီးထည့်ပေးလိုက်သော ငချိတ်ပေါင်းပူပူနှင့် အကြော်စုံအထုပ်လိုက်ကလေးကို ကိုင်ထားလျက်သား။ ခရီးကြမ်းသည်ဆိုတာကြောင့်ရော၊ စောသေးတာကြောင့်ပါ ထင်တိုင်းမစားရဲသေးတာဖြစ်သည်။

ကားရှေ့ခန်းသည် နှစ်တန်းဖွဲ့ပုံစံဖြစ်ကာ
ကိုဒီရမ်းနှင့် ကားမောင်းသူကရှေ့ဆုံးမှာထိုင်ကြသည်။နောက်ခုံရှည်မှာတော့ ချစ်နိုင်း၊ကိုကိုနှင့် ဆရာဦးတို့သုံးယောက်အတန်းလိုက်။ အမိုးလွတ်နောက်ခန်းမှာတော့ ပစ္စည်းထုတ်တွေကို မိုးကာအုပ်တင်ထားကာ နောက်ကပ်ပါလာသောကားမှာလည်း ထိုအတိုင်းပင်ဖြစ်သည်။

ပထမဆုံး ခရီးစဉ်ဖြစ်တာကြောင့် ချစ်နိုင်းအတော်လေးစိတ်လှုပ်ရှားနေ၏။ဆရာဦးပြောသည့် တောင်တန်းကြီးတွေ၊ သစ်တောကြီးတွေကြား ကိုယ်တိုင်ရောက်သွားလိမ့်မည်ဆိုသောခံစားချက်ကို ညကတစ်ညလုံးစိတ်ကူးယဉ်ခဲ့မိသည်။ တော်တော်နှင့်မအိပ်တာကြောင့် ကိုကိုဆူတာလည်းခံရသေး၏။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now