Chapter-41

15.4K 1.5K 54
                                    

Unicode

အချစ်အားတစ်ဖန် ကြိုးစားယူခြင်း ၇

"မုန်းတယ်...ခင်ဗျားကို မုန်းတယ် အရူးရဲ့"

နှလုံးသားပေါ် အက်ဆစ်ပြင်းတစ်စက်ကျသွားသလို ရှဲခနဲမမြည်ရုံတမယ်။ သျှမ်းရင်ထဲစူးခနဲ ထိုးပူအောင့်လာသည်။တမြေ့မြေ့လောင်ကျွမ်းခြင်းရဲ့ သဘောသဘာာဝသည်ကား လူကိုပါမွန်းကြပ်အုံ့မှိုင်းစေကာ အနားသားတွေထိလှိုက်စားခြင်းမျိုးပင်။ ဒီသုံးနှစ်တာလုံး ဘာမှမကျန်လုသည်အထိ  ပူလောင်သောကရောက်ခဲ့ရပေမဲ့ အမုန်းဟူသော စကားလုံးကို တိတိကျကျ ကြားရတဲ့အခါ ကျန်ရှိနေသောအစိတ်အပိုင်းတစ်ခုလုံးပါ  အပြီးတိုင်လောင်ကျွမ်းကုန်ကြသည်။

ခွေယိုင်လုမတတ် မူးယစ်နေတဲ့ခန္ဓာကိုယ်ကို ခပ်တင်းတင်းပွေ့ထားရင်း ဘာစကားမှ မပြောဖြစ်တော့။ ချစ်နိုင်းရဲ့သွေးခုန်နှုန်းတဒိတ်ဒိတ်ဟာ သျှမ်းကို မုန်းတယ်မုန်းတယ်ဟု အော်နေကြတာလားများလို့ပင် ခံစားနေရ၏။

သူက တကယ်ကိုငတုံးကောင်မို့ ၊ ကြီးကြီးကျယ်ကျယ်နဲ့ အနိုင်ကျင့်တာကလွဲရင် ဘာမှမလုပ်တတ်တဲ့သူမို့ ပြီးခဲ့သည့် ခြောက်နှစ်တာလုံး ချစ်နိုင်းအား ဒဏ်ရာတွေပဲအထပ်ထပ်ပေးကာ နာကျင်စေခဲ့သည် ၊ သိမ်ငယ်စေခဲ့သည်။ ကျန်ခဲ့တဲ့သုံးနှစ်တာမှာလည်း မကျေနပ်မှုတွေနှင့် ချစ်နိုင်းဘယ်လိုရှင်သန်ခဲ့ရမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် စိတ်ပင်ပန်းချင်စရာ။ ချစ်နိုင်းကို ငုံထားမတတ်ချစ်ပြီး ပျော်စေချင်သည့်တိုင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်က သျှမ်းကို တတိတိတိနှိပ်စက်ပြန်၏။ မျက်နှာပြောင်ပြောင် ကြိုးစားနေသူမို့ အမုန်းတရားနှင့် တကယ်ရင်ဆိုင်ရတော့ သူ့ခြေထောက်တွေက ရိုက်ချိုးခံလိုက်ရသလို ပြိုလဲကျချင်လာသည်။

"ကိုကို တို့ အိမ်ထဲဝင်ရအောင်နော်"

ပွေ့ဖက်ဆွဲခေါ်လာသမျှ ကောင်ကလေးက နည်းနည်းမှ ငြိမ်ငြိမ်မနေ။ သျှမ်းရင်ခွင်ကို လက်တွေနဲ့ပေါက်ထွက်မတတ် ကုတ်ခြစ်ရင်း မကျေနပ်သမျှကို ဖော်ထုတ်နေရှာသည်။ ခပ်ပါးပါး ညဝတ်အင်္ကျီအောက်က နာကျင်မှုဟာ မိုက်ပြစ်တွေကို တူးဆွခံလိုက်ရသည့်အလား။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now