Chapter-22

12.5K 1.4K 106
                                    

Unicode

ဘဝနှင့် အလှည့်ပြောင်း ၁

"ကျန်နေသေးတဲ့ ဘဝခရီးတွေ
ကိုယ်တစ်ယောက်ထဲတော့ မသွားတော့ပါ
မင်းလိုက်နိုင်မလားကွာ..."

နူးညံ့သောအသံချိုချိုက ယာခင်းတစ်ဝိုက်ပျံ့လွင့်နေသည်။အဆိုရှင်ဟာ အသံမကောင်း။ဒါ့အပြင် အဲ့ဒီတစ်နေရာထဲကိုပဲ အခေါက်ခေါက်အခါခါ ဖိဆိုလို့နေသေးသည်။

တောင်ယာလမ်းကား မြေပြန့်လို အပြေးလွှားသွားလို့မကောင်းပဲ လှေကားထစ်များကဲ့သို့ အဆင့်ဆင့်တက်နေရသည်မို့ သိပ်ခရီးမတွင်လှ။သို့သော် ဘေးပတ်ဝန်းကျင်ရှုခင်းကို ထည့်စဉ်းစားမည်ဆိုလျှင်တော့ စိတ်အေးသက်သာရာရကာ ငြိမ်းငြိမ်းချမ်းချမ်းရှိလွန်းသည်။

နေ့တိုင်းလျှောက်နေရသည့် ဒေသခံလောင်နွန်ကတော့ အလှပငေးဖို့ဆီအာရုံမရပဲ ရှေ့ကနေအမြန်လျှောက်သွားခဲ့တာကြာပြီ။သူ့လက်ထဲမှာ ဖန်ခါးရေနွေးအိုးတစ်အိုးနှင့် ရေနွေးခွက်များ၊မုန့်တစ်ချို့ကိုပါ သယ်သွားခဲ့သည်။ စောစောက လယ်စောင့်တဲမှာဝင်ယူခဲ့သောမုန့်များပင်။

"ကျန်နေတဲ့ ဘဝခရီးတွေ
ကိုယ်တစ်ယောက်ထဲတော့ မသွား..."

"တော်ပါတော့။မဆိုနဲ့တော့ ချစ်နိုင်းအောင်ရာ။ မင်းသီချင်းက အဲ့ဒီကနေကို တက်မလားဘူး"
ငြူဆူဆူထွက်လာသံကြီးကြောင့် ပြောင်းပင်တွေကြား တိုးလျှောက်နေရမှ ချစ်နိုင်းဆတ်ခနဲလှည့်ကြည့်လိုက်၏။ အပေါ်လှေကားမှာရပ်နေမိတာကြောင့် အောက်ထစ်မှကိုကိုက ချစ်နိုင်းကိုမော့ကြည့်နေရသည်။

လက်နှစ်ဖက်ကို ဂျင်းဂျက်ကတ်အိတ်ထောင်ထဲထည့်ထားတဲ့ကိုကိုက လူငယ်လေးတစ်ယောက်အတိုင်း။ မျက်ခုံးထူကြီးတွေသာ ကြုံ့မနေလျှင် ဆောင်းဦးရဲ့လေပြေလေးလို ချစ်စရာကောင်းနေလိမ့်မည်။ခုတော့ စိတ်ဆိုးနေသည့် ကြောင်ရုပ်ဆိုးကလေးလို။ ချစ်နိုင်းသီချင်းဆိုတာကို အလကားနေရင်း အာရုံနောက်နေသည်လေ။

"ချစ်နိုင်းကြိုက်လို့ဆိုတာကို ကိုကိုကလဲ"
ဘေးနားရှိ ပြောင်းပင်ကိုထိရင်း မကျေမနပ်ပြောတော့ ကိုကိုကလက်ကိုလှမ်းဆွဲသည်။
လုပ်ပုံက ဇွတ်။ချစ်နိုင်း ရှေ့မှောက်ကျဖို့ နည်းနည်းသာလိုတော့သည်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now