Chapter-23

11.5K 1.4K 80
                                    

Unicode

ဘဝနှင့် အလှည့်ပြောင်း ၂

"ဟေး...ဟေး"
နားထဲတိုးဝင်လာသော ခေါ်သံသဲ့သဲ့။စူးစိုက်မှုကင်းမဲ့ပြီး အတွေးများနေသောအာရုံထဲကို တစတစတိုးဝင်လာနေသည်။

"ဟေး ချစ်နိုင်းအောင်"

"ဟင်..ဗျာ ဗျာ"
လက်မောင်းကိုလာအထိမှာ ဆတ်ခနဲသတိကပ်ကာ အမြန်ထူးလိုက်ရ၏။လက်ထဲမှာ ဆေးဘူးတွေကိုင်လျက်သား။ အကိုက်ခဲပျောက်ဆေးများက ချစ်နိုင်းလက်ဖဝါးထဲဆွင်ပြည့်သိပ်နေကာ နည်းနည်းလောက်နောက်ကျသွားရင် မြေပြင်ပေါ် ပြုတ်ကျသွားတော့မည့်အခြေအနေပင်။

"စိတ်က ဘယ်ရောက်နေလို့ အဲ့လိုတွေဖြစ်နေရတာလဲ။ လူနာကို အဲ့ဒီဆေးတွေအကုန်ပေးပစ်လိုက်ဖို့များတွေးနေသလား"
ကိုကို့ရဲ့ ခပ်တိုးတိုးအပြစ်ဆိုသံကြား ဆေးလုံးတွေကို ဘူးထဲအမြန်ထည့်ကာ လိုအပ်သည့်ဆေးတွေကိုပဲ သူ့အထုပ်ကလေးတွေနှင့်သူ စီထားလိုက်ရသည်။ ချစ်နိုင်း ဒီ‌နေ့လုံးဝကို အာရုံမကပ်နိုင်တာပါပဲ။

မနက်ကတည်းက ရပ်ကွက်လိုက်ဆေးစစ်မှုတွေရှိနေတာမို့ ဆယ်နာရီကျော်သည်အထိ ထိုင်ချိန်ပင်မရ။ ဆက်တိုက်ရောက်လာသည့် ဒေသခံတွေကို စကားနားလည်သူကနေတစ်ဆင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးရေးတွေ၊လိုအပ်သည့် အသေးစားစစ်ဆေးမှုတွေ လုပ်ပေးနေကြတာဖြစ်သည်။ဒီကြားထဲမှာပဲ စိတ်လွတ်နေသည့်ချစ်နိုင်းပါလေ။

လိုအပ်တဲ့ ဆေးတွေထည့်ပေးကာ ဆရာဦးနှင့် အန်ကယ်ဦးညီတို့ဆီ ပို့ပေးပြီးမှကိုကို့အနား ပြန်ရောက်လာခဲ့သည်။ကိုကိုက လက်အပူလောင်ထားသည့် လူနာကိုကြည့်ပေးနေ၏။ဒဏ်ရာက ချက်ချင်းကုမထားတာကြောင့် အနာအဖြစ်ပြောင်းလဲကာ ကြည့်ရတာအတော်ဆိုးနေသည်။မန်းရည်တွေပါလိုက်နေပြီး နံဘေးနား‌တွင် ကုတ်ထားခြင်းကြောင့်အသားဖတ်များလန်နေကြသည်။

လိမ်းဆေးတွေကိုကိုင်ထားပေးရင်း အနားမှာရပ်နေရသော်လည်း ချစ်နိုင်းသေချာမကြည့်ရဲ။လူနာမျက်နှာပျက်လျှင် သူပါနာလာသလိုခံစားရသည်။ အေးစိမ့်စိမ့်ရာသီဥတုကြား ဘယ်လောက်တောင် ကိုက်ခဲနေမည်မသိ။ လူနာက ချစ်နိုင်းတို့အရွယ်မိန်းကလေးဖြစ်ကာ သူမမျက်နှာကို အတတ်နိုင်ဆုံးမပျက်အောင်ထိန်းနေရှာသည်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now