Chapter-26

12.3K 1.5K 99
                                    

Unicode

ဘဝနှင့် အလှည့်အပြောင်း ၅

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာမှ တတီတီထမြည်သည့်ဖုန်းသံကြောင့် သျှမ်းမျက်ခုံးတွေတွန့်ချိုးသွားသည်။ ခေါင်းနောက်နေတာမို့ မထပဲနေလိုက်ရမလားစဉ်းစားမိသော်လည်း ဘေးနားကအိပ်ပျော်နေသူကို သတိရတဲ့အခိုက် ချက်ချင်းထထိုင်ပြီး ခုံအပုလေးပေါ်ကဖုန်းကိုဆွဲယူလိုက်မိ၏။

ဖုန်းအသံကိုပိတ်ချပြီး နောက်လှည့်ကြည့်တော့ ချစ်နိုင်းအောင်က ကုတင်ပေါ်မှာကွေးကွေးလေး။ လက်နှစ်ဖက်ကို ပါးအောက်ထိုးအိပ်နေပုံမှာ သနားစရာကောင်းသည့်အပြင် ခရီးပန်းထားတာကြောင့် ကြည့်ရတာနွမ်းဖတ်နေ၏။ ခါးထိလျှောကျနေသောစောင်ကို ပုခုံးပေါ်ထိဆွဲတင်ပေးပြီးမှ ကုတင်ပေါ်ကဆင်းကာ အခန်းပြင်ထွက်ရင်းဖုန်းဖြေလိုက်သည်။

"ဟယ်လို ..အန်ကယ်"
အခန်းတံခါးကို အသာလေးစေ့ခဲ့ပြီး တစ်ဖက်ကပြောစကားတွေကိုနားထောင်ရင်း ဧည့်ခန်းစီလျှောက်လာတော့ လမ်းတစ်လျှောက်အထုတ်တွေက ဗရပွ။ သျှမ်းရောချစ်နိုင်းအောင်ပါ ခြေကုန်လက်ပန်းကျနေသေးသည်မို့ ကျော်ရင်းခွရင်းနှင့်သာ ဧည့်ခန်းဆီအရောက်သွားရသည်။ ပါးစပ်ကလည်း ဟုတ်ကဲ့ ဟုတ်ကဲ့ဆိုတာကို အပြောမပြတ်။

"ချစ်နိုင်းအောင် နေကောင်းပါတယ်အန်ကယ်"

"..."

"ညနေ လေးနာရီလောက်ကပဲ ကျွန်တော်တို့ရောက်ကြတာ။ ရောက်ကတည်းက ထိုးအိပ်နေကြတာဗျ နှစ်ယောက်လုံး"

"..."

"နေပါစေ မိုးလည်းချုပ်ပြီမို့ မပို့ပါနဲ့တော့။
အိမ်မှာ အခြောက်ခြမ်းတွေရှိသေးတယ်။ ကျွန်တော်ချက်လိုက်ပါ့မယ်"

"..."

"ဟုတ်ကဲ့ အန်ကယ်။ မသိနိုင်ပါဘူး ကျွန်တော်ပြောမထားလို့။ သူလည်း ဟိုမှာကိစ္စလေးတွေရှိခဲ့တော့ ပင်ပန်းနေပုံရတယ်"

ဖုန်းပြောရင်း သျှမ်းမျက်လုံးတွေက အခန်းတံခါးဆီမှာတဝဲလည်လည်။ တစ်ဖက်ကဖုန်းပြောနေသည့် အဖေလုပ်သူတော့မသိ သျှမ်းမှာ ချစ်နိုင်းအောင်ကို အခုထိစိတ်ပူမရပ်နိုင်သေးပေ။ မန္တလေးရောက်လာသည့်တိုင် စိတ်တွေလေးလံကာ နွမ်းလျနေသလိုခံစားနေရသည်။ခရီးပန်းလာတာလည်း ပါပါလိမ့်မည်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now