Chapter-16

12.7K 1.4K 62
                                    

Unicode

ချစ်နိုင်းကို သဘောကျတယ် ၂

မေခမြစ်ရေစီးသံနှင့်အတူ နိုးထလာရသည့်မနက်ခင်း။ တအွတ်အွတ်အော်နေသည့်
ကြက်သံများဟာ အိမ်အောက်မြေပြင်မှာဆူညံလို့နေကြသည်။ အိမ်လှေကားမှာထိုင်နေမိသည့် ချစ်နိုင်းကတော့ခုချိန်ထိ အိပ်ချင်မူးတူးဖြစ်နေဆဲ။နက်ပြာရောင်မွေးပွလက်ရှည်ထူထူကြားလူမြုပ်နေပြီး ဒူး‌တွေကိုလက်နှင့်ပွေ့ကာ ပုံ့ပုံ့ကလေးထိုင်နေမိသည်။

ကြက်တွေကတော့ မနက်စောစောအတော်တက်ကြွနေပုံပင်။ပြန့်ကျဲနေသည့် ပြောင်းဖူးစေ့အပိန့်အရှုံ့တွေကိုကောက်ရင်း အိမ်အောက်မှာပတ်ပြေးနေကြသည်။သူတို့ကို ကြောင်တောင်တောင်ထိုင်ကြည့်တုန်း နင့်ခနဲလေးလံမှုနှင့်အတူ ချစ်နိုင်းကျောပြင်တစ်ခုလုံးနွေးထွေးသွား၏။

"ရာသီဥတုက ရေခဲရိုက်တဲ့အတိုင်းပဲ"
ကိုကိုက ညည်းရင်းညူးရင်း ချစ်နိုင်းဘေးမှာတိုးဝင်ထိုင်၏။လှေကားအဝက သိပ်မကျယ်တာကြောင့် ‌အရွယ်ရောက်အမျိုးသားနှစ်ယောက်ဟာ အတော်ပူးကပ်သွားကြသည်။ ကိုကို့ဆံပင်တွေက ပွယောင်းနေပြီး မျက်လုံးတွေကမို့နေသည်။ချစ်နိုင်းအပေါ်ခြုံပေးထားသည့် စောင်ထဲတိုးဝင်လာကာ ဒူးတွေကိုတဆတ်ဆတ်လုပ်နေသည့်ကိုကို။

"ကိုကို မနေ့ညကဘယ်အချိန်အိပ်လဲ။
ချစ်နိုင်းတစ်ရေးနိုးတော့ ဝှါး..ဆရာဦးနဲ့စကားတွေပြောနေကြတာ"

ပြောရင်း အသန်းမပျက်။ပြီးခဲ့တဲ့ရက်က အေးစက်နေသည့်တောင်ပေါ်မှာ အိပ်ရေးပျက်ခဲ့တာမို့ အိပ်ရာနွေးနွေးမှာအိပ်ရတာ အားကိုမရနိုင်တော့ချေ။အိပ်ပြီးရင်းကို အိပ်ချင်နေရသည်။

"မင်းက အစောကြီးအိပ်တာကိုး။ ငါအိပ်တော့တောင် ဆယ့်တစ်နာရီလောက်ရှိသေးတာ"

"မီးလဲမရတော့ စောစောအိပ်လိုက်တာ။
ရာသီဥတုကလည်း အေးတာတအားပဲ။
ဒါတောင် မီးဖိုကအိမ်ထဲတင်ရှိလို့"

"အဲ့ဒါ ဒီကလူတွေနေ့စဉ်ကြုံနေရတဲ့ဘဝပဲ။
ငါတို့ကိုထားပေးတဲ့အိမ်က ပြင်ပြင်ဆင်ဆင်လုပ်ပေးထားလို့။ တချို့အိမ်တွေဆို အမိုးအကာမလုံခြုံကြဘူး"

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now