Chapter-24

11.6K 1.4K 43
                                    

Unicode

ဘဝနှင့် အလှည့်ပြောင်း ၃

တိတ်ဆိတ်နေသော အခန်းငယ်။ဆောင်းလေအေးအေးက ခါတိုင်းရက်တွေလိုပင် မြို့ငယ်လေးကိုခြုံလွှမ်းလို့နေသည် ။ဒီတလော အအေးလွန်ကဲလာမှုကြောင့် အားပိုပြင်းထားသောမီးဖိုထက်တွင် ဖန်ခါးရေ‌နွေးအိုးသည် စီခနဲအသံမပြတ်အော်မြည်လျက်ရှိ၏။

မှိန်ဖျော့ဖျော့အလင်းရောင် အနှံ့ဖြန့်ကျက်နေသည့်တိုင် အခန်းတွင်းရှိအရာတိုင်းကိုသဲသဲကွဲကွဲမမြင်ရနိုင်ပေ။အနီးကပ်ရှိနေသည့် အသက်ရှူသံတိုးတိုးကိုသာ ကြားနိုင်ပြီး ငြိမ်သက်စွာလဲလျောင်းနေသည့် ပုံရိပ်ကလေးကိုသာအသေချာမြင်နိုင်သည်။တစ်ကိုယ်လုံးကျုံ့မတတ်ခွေလှဲနေသူဟာ မျက်ခုံးများတွန့်ချိုးကာ အိပ်မက်ဆိုးတွေမက်နေပုံရသည်။ဆောင်းတွင်းကြီးမှာတောင် နှဖူးစတွင်ချွေးတွေကပ်လျက် မောဟိုက်နေရှာ၏။

တဘက်တစ်ထည်နှင့် နှဖူးကိုသုတ်ပေးပြီးနောက် ဖျောတော့နေသောလက်တစ်ဖက်ကိုဆုပ်ကိုင်လို့ နှုတ်ခမ်းနားမှာခပ်ဖွဖွကပ်ထားလိုက်သည့်တိုင် ချစ်နိုင်းအောင်ဟာနိုးထမလာ။တစ်ခုခုက ဖိစီးထားသလိုမျိုး မောပန်းနွမ်းနယ်နေသည်။ထိုအမူအရာတွေဟာ ဘယ်လောက်များဖိအားပေးနေသလဲဆို မြင်နေရသည့် သျှမ်းပါစိတ်မောရသည်အထိပင်။

ကြောက်လန့်တကြားပုံရိပ်နှင့် တစ်ကိုယ်လုံးသွေးတွေပေကျံကာတုန်လှုပ်နေခဲ့သည့် ချစ်နိုင်းအောင်။ထိုအနေအထားက သျှမ်းရင်ထဲမှာ ဘာမှမကျန်နိုင်သည်အထိ လစ်ဟာသွားစေခဲ့၏။တဆတ်ဆတ်တုန်ယင်နေသောကိုယ်လုံးငယ်သည် လောင်နွန့်အော်သံအဆုံးမှာ သျှမ်းရင်ခွင်ထဲငြိမ်ကျသွားခဲ့သည်။ရှိုက်သံတအင့်အင့်သည် သတိလွတ်နေတာတောင် အတော်နှင့်မရပ်တန့်နိုင်ခဲ့ချေ။

လောင်နွန့်ကို အကုန်ဝိုင်းကြည့်ပေးနေကြတုန်း သျှမ်းကတော့ချစ်နိုင်းအောင်ကိုပွေ့ချီကာ အဆောင်ပြေးရသည်။ ရှည်လျားလှတဲ့ခန္ဓာကိုယ်ကိုချီမရင်း မောရကောင်းမှန်းတောင်မသိနိုင်ခဲ့။ပေကျံနေသည့် သွေးတွေကိုသန့်ရှင်းကာ အဝတ်အစားလဲပေးပြီးတဲ့အခါမှာတော့ ချစ်နိုင်းအောင်ကဖျားနေပြီ။ပူရှိန်းနေသော ခန္ဓာကိုယ်ငယ်။ပါးစပ်မှ ကယောင်ကတမ်းရေရွတ်မှုကလည်း မပြတ်လပ်ချေ။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now