Chapter-25

12.5K 1.4K 46
                                    

Unicode

ဘဝနှင့် အလှည့်ပြောင်း ၄

"ဆရာလေး လောင်နွန့်အတွက် ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ပါနဲ့။ ဒီကို ကောင်းတဲ့ရည်ရွယ်ချက်နဲ့လာခဲ့ကြတာမို့ ပြန်တော့လဲ စိတ်ကြည်ကြည်နဲ့ပဲပြန်စေချင်ပါတယ်။ အဖွားကိုလည်း ဂရုစိုက်ပေးကြတဲ့အကြောင်း လောင်နွန့်ကိုပြောပေးပါ"

"ဟုတ်ကဲ့ အားလုံးကိုကျေးဇူးတင်ပါတယ်။
ဒီမှာနေခဲ့တဲ့ရက်တွေအတွင်း သေချာစောင့်ရှောက်ပေးခဲ့ကြလို့"

"ဟိုရောက်ရင် ကျွန်တော်တို့ကို သတိရနော့"

"ဒီကိုလည်း ထပ်လာလည်ကြပါအုန်း။ နောက်ဆို ကားလမ်းပေါက်ပြီဆိုတော့"

နှုတ်ဆက်သံများဖြင့် စည်ကားနေသော အိမ်ဝန်းလေး။သုံးပါတ်နီးပါးနေခဲ့ရသော နေရာလေးမှာ အသားကျခါစရှိသေး အိမ်ပြန်ရတော့မည်။ခရီးလာတုန်းက တက်ကြွစိတ်လှုပ်ရှားခဲ့သလောက် အပြန်မှာတော့ ဝမ်းနည်းစိတ်၊မခွဲခွာချင်စိတ်နှင့် ကိုယ့်ကိုယ်ကိုယ်အားမရစိတ်တွေကသာ ချစ်နိုင်းကျောပေါ်မှာပြည့်နေတော့သည်။

မနက်ကိုးနာရီလောက်ကတည်းက သူတို့ဝန်းထဲလာနှုတ်ဆက်ကြသည့် တိုင်းရင်းသားတွေ။များသောအားဖြင့် ဒီမှာရှိတုန်းအကူညီပေးခဲ့ကြသူတွေပင်။ တစ်နေရာကနေ တစ်နေရာကူးတိုင်း ခုလိုပဲနှုတ်ဆက်ကြသူတွေနှင့် ခွဲရခက်ကြောင်း မနေ့ညကဆရာဦးပြောနေသေးသည်။ ညက အန်ကယ်ဦးညီတို့ ပစ္စည်းတွေကိုပါ သိမ်းပေးရသည်မို့အတော်နှင့်မအိပ်ကြ။ ပြန်ခါနီးမို့ တစ်ခုခုကိုလွမ်းဆွတ်သလိုဖြစ်နေကာ အိပ်မရတာလည်းပါပါသည်။

ဒီမနက်မှာတော့ နှင်းဖွေးဖွေးကြား လာနှုတ်ဆက်ကြသူတွေကြောင့် ပို၍ပင်ကြည်နူးဝမ်းနည်းရသည်။ အဖြူရောင်နှင်းဖတ်တွေက ခြံစည်းရိုးခတ်ထားသည့်အပင်ပုလေးတွေထက်တွင် ဟိုတစ်ပုံသည်တစ်ပုံဖြစ်နေကာ မြက်ခင်းပြင်ဟာလည်း နှင်းရည်များစိုရွှဲလို့နေ၏။ ဒေသခံတွေက ချမ်းစိမ့်နေသည့်ဆောင်းလေကိုအံတုကာပင် သူတို့ဆီလာကြတာဖြစ်သည်။

အိတ်တွေကို ဆိုင်ကယ်ပေါ်တင်ပြီး သူတို့အတွက်လည်း ဆိုင်ကယ်တစ်စီးစီအသင့်။ အလာတုန်းကသယ်လာရသည့် ဆေးထုတ်တွေလျော့သွားပြီမို့ ဝန်ပေါ့သွားသည်မထင်ပါနှင့်။အပြန်လက်ဆောင်ပေးလိုက်သည့်အထုတ်တွေကိုက ဆိုင်ကယ်တစ်စီးနှင့် သယ်နေရသည်။ပစ္စည်းတန်ဖိုးထက် စေတနာတန်ဖိုးကများသည်မို့ သူတို့မှာမငြင်းရက်ကြချေ။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now