Chapter-50

16.7K 1.4K 85
                                    

Zawgyi

ချစ်နိုင်းအား လူသိရှင်ကြား ပိုင်ဆိုင်ရခြင်း

"အိမ်က အရင်ကတည်းက သီးသန့်ဆိုတော့ ဝယ်စရာ သိပ်စဉ်းစားမရဘူး။ အသစ်လဲဖို့ လိုတာပဲ ဦးစားပေး ဝယ်ရမယ်ထင်တယ်"

"မေမေတို့ လိုမယ်ထင်တာ အကုန်ရွေးထားလိုက်လေ ။ သားနဲ့ ချစ်နိုင်းက မွေ့ယာသွားကြည့်လိုက်အုန်းမယ်... လာ ကိုကိုတို့ ဟိုဘက်သွားရအောင်"

"အယ်...ကို.. အန်တီ ပြီးရင်... ပြီးရင် ပြန်လာခဲ့မယ်နော်"

ပါးစပ်အဟောင်းသားနှင့် ကျန်နေခဲ့သူတွေဆီ လှမ်းပြောရင်း ကိုကိုဆွဲရာနောက် ဒရွတ်တိုက် ပါသွားရသူ ချစ်နိုင်း။ စီးထားသည့် ရှူးဖိနပ်အဖြူလေးက ချောနေသော ကြမ်းပြင်ပေါ် လမ်းလျှောက်စရာ မလိုအောင် ပါသွားရသည်။ ကိုကိုကတော့ နောက်ကို တစ်ချက်တောင်လှည့်ကြည့်မနေ။ ချစ်နိုင်း လက်ကောက်ဝတ်ကနေ တင်းတင်းဆွဲကာ မွေ့ယာတွေ တန်းစီထားရာ နေရာဆီသွားနေတော့သည်။

"ကြွပါရှင် ဘယ်လို အမျိုးအစားထဲက ပြပေးရမလဲ မသိဘူး"

ဝရုန်းသုန်းကား ရောက်သွားကြတော့ အရောင်းဝန်ထမ်း အမျိုးသမီးက ဆီးကြိုမေး၏။ သူမ မျက်နှာကလည်း ခပ်ပြုံးပြုံးနှင့်။ ချစ်နိုင်းမှာ ထိုအမေးကို ဘယ်လိုဖြေရမည်မသိ။ လက်မလွှတ်သည့် ကိုကို့ကြောင့် အိုးတို့အမ်းတမ်းလည်း ဖြစ်နေရသေးသည်။

"အိစက်ပြီး အိပ်လို့ကောင်း..မဟုတ်ဖူး စ ပရင်ပါတဲ့ဟာလား အဲ့လိုဟာရှိလား ညီမ"

ကိုကိုကတော့ ဘာမှ ဂရုမစိုက်ပါသည့်နှယ်။ ချစ်နိုင်းလက်ကိုဆွဲကိုင်ထားရင်း အေးအေးဆေးဆေးသာမေးသည်။ သူ့မေးပုံက မျက်နှာပူစရာကောင်း၏။ မျက်နှာတစ်ခုလုံး ရှိန်းခနဲဖြစ်လာကာ ကိုကို့လက်တွေကြားမှ ဆွဲရုန်းဖို့ လုပ်လိုက်သည်။ မရ..ဆရာသမားက ပိုတောင် တင်းတင်းကိုင်လိုက်သေး၏။

"မွေ့ယာကတော့ ရေမြှပ်၊ စ ပရင်၊ ‌ဆီလီကွန် ၊ ဂွမ်း အဲ့လိုမျိုး အမျိုးအစားတွေ အများကြီးရှိပါတယ်။ ဘယ်လို ဆိုဒ်မျိုးထဲက လိုချင်တာလဲ မသိဘူးရှင့်"

"နှစ်ယောက်အိပ် ထဲက"

"နှစ်ယောက်အိပ်ထဲကဆို ၄လက်မအထူ ၈လက်မအထူဆိုပြီး ရှိပါသေးတယ်။ အောက်က ကုတင်ပါသေးလားမသိဘူးရှင့်"

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now