Chapter-34

13.3K 1.5K 99
                                    

Unicode

ပြစ်ဒဏ်ကျသော နှလုံးသား ၄

"ရှေ့တစ်အိမ်ပြီးရင် ပြီးပြီဆရာလေးတို့ရေ့"

"အားဖုန်.. နင် ဒေါက်တာ့အိတ်ကို ပြုတ်မကျစေနဲ့နော်"

"အံမယ် နင်သာခွေခေါက်လဲနေမယ်"

‌အပြိုင်ဆိုင်ငြင်းခုန်နေကြရင်း တက်ကြွစွာလမ်းပြနေကြသည့် ရဝမ်မောင်နှမ‌ကြောင့် ရွံ့တွေကြားထဲ အားစိုက်လျှောက်နေရာမှ သျှမ်းပြုံးလိုက်မိသည်။သူ့ဘောင်းဘီအောက်ခြေက ရစရာမရှိအောင်ပေရေနေပြီး ဝတ်ထားသည့် ဂျာကင်အနက်ရောင်မှာလည်း ရွံ့စက်တွေစင်နေကာ လူတစ်ကိုယ်လုံးရစရာမရှိ။ မနက်အစောပိုင်း သည်းလိုက်တဲ့မိုးက လမ်းပန်းဆက်သွယ်ရေးအတွက် အနှောက်ယှက်ပင်။

သူ့ဘေးမှာ အမျိုးသမီးသူနာပြုနှစ်ယောက်ပါသော်လည်း ကိုယ့်ဝန်ကိုယ်ထမ်းနေရသည်မို့ "အဆင်ပြေရဲ့လား ဆရာမတို့" ဆိုတာကလွဲလျှင် လောကွတ်ပိုမချော်နိုင်။ တစ်ယောက်ကိုတစ်ယောက်ကူထိန်းရင်း အမလေး၊အလိုလေး တနေရှာသည့် အမျိုးသမီးတွေကလည်း လမ်းခရီးကြမ်းတဲ့အပေါ် ညည်းညူခြင်းအလျင်းမရှိကြချေ။ ခေါင်ခိုက်နေတဲ့ နေရာတွေရဲ့ ဆင်းရဲဒုက္ခတွေကို ကျွတ်သပ်ရုံမျှသာသပ်ရင်း မမောနိုင်မပန်းနိုင် သျှမ်းနောက်လိုက်ကြရှာသည်။

"အမေကြီးရေ့ ဆရာဝန်ပါတယ်။ ဟိုတစ်နေ့က ချောင်းတွေဆိုးနေတာ ဆေးကုလိမ့်မယ် ဒီဆရာဝန်တွေက"

မြေစိုက်တဲလေးအတွင်း ကွပ်ပျစ်သဖွယ်ထိုးထားသော ကုတင်ထက်တွင်မူ အသက်၈၀နီးပါးအဖွားအိုတစ်ဦးက ခပ်ကုပ်ကုပ်လေးထိုင်နေလျက် သူမလက်ထဲတွင် စကောတစ်ချက်ကိုကိုင်ထား၏။ ဆန်ဆိုသော်ငြား အလုံးပင်အသေချာမပေါ်သည့် ဆန်ကွဲဆန်ကြေများသာဖြစ်ကာ  အမှုန်အမွှားများ ရောနှောပါနေကြသေးသည်။

အဖွားအိုက သူမကိုင်ထားလက်စ စကောကိုလက်ကမချခင် သျှမ်းတို့ကိုနေရာပေးသည်မို့  လူတစ်ယောက်လှဲစာပင် မဆန့်ချင်သော ကုတင်ထက်မှာ ဆေးပစ္စည်းတွေတင်ကာ လိုအပ်တာတွေထုတ်စေလိုက်သည်။ ဆရာမနှစ်ယောက်က အဖွားနှင့်စကားစမြည်ပြောဖို့  လိုက်ပို့သည့်ရဝမ်မောင်နှမကို ဘာသာပြန်လုပ်စေ၏။ ဒီကလေးတွေက ကျောက်ဂျပိုးဖမ်း၊ အူလိုင်ပိုးနှိုက်နှင့် အရောင်းအဝယ်နားလည်ကာ ဘာသာစကားလည်းကျွမ်းသည်မို့ ဒီရောက်ကတည်းက သျှမ်းတို့အပိုင်ငှားထားရသည့် ဂိုက်လေးများပင်။ဗမာစကား၊ရဝမ်စကားအပြင် တရုတ်စကားပါတတ်သည်ဟု သူတို့ကဆိုကြသည်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now