Chapter-33

14.1K 1.5K 197
                                    

Unicode

ပြစ်ဒဏ်ကျသော နှလုံးသား ၃

ကျောပြင်ဆီ တဆစ်ဆစ်တိုးဝင်နေသော အေးစက်မှုက ဝိုးတဝါးအာရုံကို အမြန်စုစည်းဖို့လှုံ့ဆော်နေခဲ့သည်။ လွန်ခဲ့သော မိနစ်ပိုင်းကတည်းက အသိစိတ်ဝင်လာခဲ့သော်လည်း မျက်လုံးတွေကို ချက်ချင်းဖွင့်မရ။တောက်လျှောက်ပျံ့လွင့်နေသည့် အတွေးတွေကို ပြန်စုစည်းရင်း သျှမ်းပါးစပ်က တကျွတ်ကျွတ်ညည်းညူနေမိခဲ့၏။

ခါးတစ်ခုလုံး တောင့်တင်းနေကာ ခေါင်းကလဲ ကျောက်တုံးနှင့်ထုရိုက်ခံထားရသလို ထုံကျင်လျက်။ "အင်း" ခနဲ ညည်းသံနောက်မှာ မျက်စိတွေကိုအသာယာဖွင့်ကြည့်တော့ ရောင်စုံစက္ကူများက အစုလိုက်စောင့်ကြိုနေခဲ့သည်။ အနည်းငယ် စောင်းသော်လည်း သေသပ်ညီညာသည့်လက်ရေးတွေက သူ့ကိုတစ်ချက်မပြုံးပဲမနေလိုက်နိုင်။

စာရွက်တွေဆီ လက်နှင့်အသာဆွဲပွတ်ရင်း ပြုတ်ကျလုဖြစ်နေသည့် စာရွက်လေးတွေကို လက်မနှင့်ဖိတွန်းလိုက်၏။ဟိုတလောကမှ  ကော်နှင့်ပြန်ကပ်ထားတာကို။ ခုတော့ ဒီဟာလေးတွေက ပြန်ကွာချင်နေပြီ။ လူတွေရော ပစ္စည်းတွေရော မမြဲဘူးဆိုသည့်သဘောတရားကို လက်ခံမိကတည်းက သျှမ်းအတွက် ဘယ်အရာကမှစိတ်ဝင်စားဖို့ မကောင်းတော့တာ ကြာပါပြီ။ သို့သော်လည်း ထမင်းစားပွဲခုံအောက်ဝင်လှဲပြီး တစ်စုံတစ်ယောက်ချန်ထားရစ်ခဲ့တဲ့ စာတိုတွေကို ကြည့်ရင်း အတွေးတွေရေစုန်မြောချတတ်တဲ့ အကျင့်ကိုတော့ မပြင်နိုင်သေးပါဘူး။

အကျင့်...ဟုတ်သည်။ချစ်နိုင်းအောင်ကို တသသလွမ်းရင်း ချန်ခဲ့သမျှအမှတ်တရတိုင်းကို ‌ထိုင်ကြည့်နေဖို့က သျှမ်းအကျင့်ဖြစ်ခဲ့ရပြီ။ဒီခုံမှာ ထမင်းစားတိုင်း ဟင်းခပ်ထည့်ပေးတတ်တဲ့ ပုံရိပ်‌လေးကိုသတိရသည်။ အပြုံးနုနုတွေ၊ ရုတ်တရက် အနမ်းထပေးရင်း သျှမ်းကိုစနောက်ခဲ့တာတွေ။ ထွက်သွားခဲ့တာ တစ်နှစ်ကြာခဲ့ပေမဲ့ အသိဉာဏ်ထဲမှာတော့ ချစ်နိုင်းအောင်က အမြဲနေရာယူထားခဲ့သည်။သျှမ်းရဲ့ နှလုံးသားထဲမှာရောပေါ့။

ထမင်းစားပွဲခုံအောက်မှ ကုန်းရုန်းထွက်လိုက်ပြီးတော့ ထုံခဲနေသောအကြောတွေကို ဟိုလှည့်သည်လှည့်လုပ်ကာ အရင်ဖြေလျှော့ရ၏။သူလဲ ဘယ်နေ့လေဖြတ်မည်မသိ။ ချစ်နိုင်းအောင်ရဲ့ လက်ရေးလေးတွေကိုကြည့်ရင်း အမောဖြေရဖို့အရေး ကြမ်းပြင်ပေါ်မှာပဲ အိပ်ပျော်သွားတတ်တာ မကြာခဏပင်။ခြေရာလက်ရာပျောက်မည်စိုးကာ ဘာကိုမှလည်းဖြုတ်မသိမ်းနိုင်သည်မို့ ရောဂါအဖြစ်ခံဖို့သာရှိတော့သည်။ ဘယ်ရောဂါဖြစ်ဖြစ် ချစ်နိုင်းအောင်နဲ့ဝေးရတာထက် ပြင်းထန်သည့်ဝေဒနာတော့ ရှိမည်မထင်ပါ။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now