အချပ်ပို (၄) - လျှို့ဝှက်ချက်လေးတစ်ခု

1.3K 60 0
                                    

အချပ်ပို (၄) - လျှို့ဝှက်ချက်လေးတစ်ခု

Unicode

[လိပ်ပြာကြိုးထုံးလေး]

Gliomaရောဂါသည်တစ်ယောက်ဖြစ်တဲ့အသက်၅နှစ်အရွယ်ကလေးငယ်လေးသည် နီညိုညိုအပ်ရာလေးတွေထင်းနေရှာတဲ့သူ့ရဲ့ဖြူဥဥလက်ကောက်ဝတ်လေးကိုမျက်လွှာချကြည့်ရင်းကြမ်းတမ်းခါးသက်တဲ့နေ့ရက်တွေကိုဝမ်းနည်းသိမ်ငယ်စွာဖြတ်သန်းခဲ့ရသည်။ အကိုဖြစ်သူရဲ့နွေးထွေးတဲ့နှစ်သိမ့်မှုကိုလိုအပ်နေတဲ့ကလေးငယ်လေးဟာ တစ်ခါဆေးစစ်ရတိုင်း အကိုဖြစ်သူကသူ့အစားတားမြစ်ပေးဖို့ရာမျှော်လင့်တကြီးမျှော်ကြည့်နေခဲ့ဖူးသည်။ 

နေ့ရက်တွေကတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားခဲ့၍ ရာသီတွေတောင်အလီလီကူးပြောင်းသွားခဲ့ရပေပြီ ..အကိုဖြစ်သူခိုင်းစေတဲ့အညှာတာကင်းမဲ့လှသောစမ်းသပ်ချက်တွေကတော့တစ်စက်ကလေးတောင်ရပ်တန့်သွားခြင်းမရှိခဲ့ပေ။ ကလေးငယ်လေး၏ရိုးတွင်းခြင်ဆီထဲရှိနာကျင်မှုက နှလုံးအိမ်ထိတိုင်အောင်တဆစ်ဆစ်ထွင်းဖောက်တိုက်စားနေခဲ့ကာပါးလွှာသောအမုန်းနံရံတချို့ဟာလည်းသူ၏အသဲစိုင်ထဲမှာတဖြည်းဖြည်းနှင့်ဖွဲ့တည်စပြုလာခဲ့လေသည်။နူးညံ့သိမ်မွေ့တဲ့သေးငယ်သောနှလုံးသားလေးသည် နာကျင်မှုတွေကြောင့်မထီမဲ့မြင်ဆန်လာကာအေးစက်သထက်အေးစက်လာခဲ့ရသည်။

နာကျင်ခြင်းဆိုတဲ့အကျည်းတန်လှတဲ့အမှောင်ရိပ်တွေက ကလေးငယ်လေးရဲ့အားနည်းချိနဲ့လှသောခန္ဓာကိုယ်လေးပေါ်သို့ခုန်အုပ်လွှမ်းမိုးလာတဲ့အခါတိုင်း ဦးလေးဖြစ်သူက နှစ်သိမ့်သည့်နှယ်ပြောပြလာတတ်တဲ့ သူ့ရဲ့မိဘ၂ပါးခေါင်းချရာအရပ်၏ပုံပြင်လေးတွေက အထီးကျန်ဆန်နေရတဲ့ကလေးလေးတစ်ယောက်အတွက် လမိုက်ညရဲ့ကြယ်မှုန်စုံမွှားလေးတွေပမာသေးငယ်တဲ့အလင်းတန်းလေးတစ်ခုဖြစ်လာခဲ့သည်။

ထို့ကြောင့် အပြင်ထွက်ကစားရမယ့်အချိန်တွေတိုင်းမှာလည်းသူမကစားချင်တော့ပဲ ဦးလေးဖြစ်သူပြောပြတတ်တဲ့ဘာသာစကားတစ်မျိုးကိုကျင့်သားရအောင်လိုက်ပြောလေ့ကျင့်နေတတ်၏။ ထိုဘာသာနဲ့စကားပြောနေရတိုင်းသူ၏အေးစက်စက်နှင်းရေခဲနှလုံးသားဟာအနည်းငယ်နွေးထွေးနူးညံ့လာသယောင်ခံစားရတာမို့ သူသိပ်သဘောကျကျေနပ်ခဲ့သည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now