အခန်း(၃၃)-ဇာတ်လမ်းဟောင်းလေးပြီးဆုံးခြင်း

4.3K 402 15
                                    


အခန်း (၃၃) -ဇာတ်လမ်းဟောင်းလေးပြီးဆုံးခြင်း

Unicode

[အဖြည့်ဆည်းခံနှလုံးသားများ]


ဒေါ်စန္ဒာသော်ဟာ သူမမျက်စိရှေ့ကကောင်လေးကသူမသမီးကိုထိုအခြေအနေရောက်တဲ့အထိထိခိုက်စေခဲ့တဲ့'မင်းခန့်ထည်'ဆိုတဲ့ကောင်လေးမှန်းသိသွားပြီးတဲ့နောက် သူမအကြည့်တို့က အေးစက်ချွန်ထက်သောရေခဲစိုင်တစ်ခုအဖြစ်တမဟုတ်ချင်းပြောင်းလဲသွားတော့သည်။

သူမကမင်းခန့်ထည်အားအခန်းပြင်သို့ခေါ်ထုတ်လာပြီးနောက်လေတဟူးဟူးတိုက်နေတဲ့စင်္ကြံဝရံတာဘက်၌ သူမခြေလှမ်းတို့ကိုရပ်တန့်လိုက်သည်။ ထိုလေသာဆောင်ဝရံတာဘက်မှာလူအတော်အတန်ရှင်းနေကာ ထိုနေရာ၌သူမနဲ့ အနက်ရောင် SportShirtကိုဝတ်ဆင်ထားတဲ့အရပ်ရှည်ရှည်နဲ့ကောင်လေးတစ်ယောက်သာရှိခဲ့သည်။ထိုကောင်လေးရဲ့ကျောပြင်တို့ကဝန်တစ်ခုကိုထမ်းထားသည့်နှယ်အနည်းငယ်ကိုင်းကျနေ၏။

မင်းခန့်ထည်က ဒေါ်စန္ဒာသော်မပြောလာခင်အရင်ဦးအောင်စကားစပြောလိုက်သည်။

"ကျနော်ကရှောင်ပြေးရတာကိုဝါသနာမပါသလို သူရဲဘောကြောင်တဲ့လူတစ်ယောက်ဖြစ်အောင်လည်း ကျနော့်မိဘတွေကကျနော့်ကိုမသွန်သင်ထားပါဘူး။"

ထို့နောက် ဒေါ်စန္ဒာသော်ရှေ့မှာ သူ့ရဲ့ခါးကိုတည့်တည့်မတ်ထားလိုက်လျက်ဆက်ပြီးရေရွတ်လာခဲ့စဥ်တွင်
သူ့ရဲ့အပြုအမူနဲ့အပြောအဆိုတို့ဟာ ယုံကြည်မှုရှိစွာအေးဆေးတည်ငြိမ်နေပြီးရိုင်းစိုင်းမောက်မာခြင်းတို့အလျဥ်းမရှိ။

မျိုးကောင်းရိုးကောင်းကနေဆင်းသက်ပေါက်ဖွားလာတဲ့တာဝန်ယူစိတ်အပြည့်အဝရှိတဲ့ လူကောင်းလူမွန်လေးတစ်ယောက်ရဲ့ရောင်ဝါတို့ကသူ့ရဲ့ခန့်ညားချောမောလှသောမျက်နှာလေးထက်မှာ အရှိန်အဝါတစ်ခုဖြင့်ပေါ်လွင်ထင်ဟပ်နေခဲ့သည်။

"အဲ့တာကြောင့် ဖြူ့အတွက် ကျနော်ဘာပြန်လုပ်ပေးရမလဲဆိုတာ ဒဲ့သာပြောပြလိုက်ပါအန်တီ။"

"မင်းဒီကိုလာတာဒီစကားတွေပြောဖို့လား"

ဒေါ်စန္ဒာသော်ရဲ့မျက်ဝန်းတွေထဲကအေးစက်မှုတို့ဟာမင်းခန့်ထည်ပြောဆိုလာခဲ့တဲ့စကားတွေကြားတော့အနည်းငယ်လျော့ဆင်းလာခဲ့ရပေမယ့် ပါးလွှာသောရေခဲအပွင့်အဖက်ကလေးတွေက မျက်ဝန်းကန်ငယ်ထဲမှာ တင်ကျန်နေဆဲပင်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Where stories live. Discover now