🌵၁၀🌵

174 9 4
                                    

ဂလွမ်!!!!

ညက အတွေးပေါင်းသောင်းခြောက်ထောင်နှင့် အိပ်ပျော်သွားပြီး ပြတင်းပေါက်ပိတ်ဖို့ကို မေ့လျော့ခဲ့သည်မို့ မနက်ခင်းနေရောင်ခြည်ဟာ ပြတင်းတံခါးမှတဆင့် မိုးရိပ်ညို၏အိပ်ယာထက်သို့ ဖြာကျနေလျက်ရှိပါ၏။

ညဘက်တွေ၌ မည်မျှပင် အိပ်မပျော်ပါစေ၊ အိပ်ရေးပျက်ပါစေ။ မနက်(၆)နာရီဆိုသည်နှင့် ထချင်နေတတ်သော မိုးရိပ်ညိုတစ်ယောက် သည်တစ်နေ့တော့ဖြင့် နေမြင့်မှအိပ်ယာနိုးလာပါတော့သည်။

"အား...နေတောင်ထွက်နေပြီ"

မိုးရိပ်ညိုတစ်ယောက် ဆံပင်များကိုထိုးဖွ၍ ခေါင်းချိုးခါးချိုးလုပ်ပြီးသည့်နောက် အိပ်ယာသိမ်း၍ အောက်ထပ်သို့ဆင်းလာခဲ့ပါ၏။ ထိုသို့ဆင်းလာနေသည့်တလျှောက်တွင်လည်း မီးဖိုချောင်အတွင်းမှ ထမင်းကြော်သံတရှဲရှဲကိုကြားနေရသလို အိမ်အပြင်ဘက်‌တွင်လည်း တံမြက်စည်းလှည်းနေသံကိုကြားနေရပါ၏။

အိမ်အပြင်ဘက်သို့ထွက်လာသည့်အခါတွင်တော့  တစ်ခြံလုံးရှိ အမှိုက်သရိုက်များဟာ ပြောင်ရှင်းနေသည်ကို‌တွေ့ရ၏။ အိမ်သာကြွေခွက်သည်လည်း ဖြူဖွေးနေပါပြီ။ ပုံမှန်ဆိုလျှင် ဒါတွေဟာ မိုးရိပ်ညိုလုပ်ရမည့်အလုပ်တွေဖြစ်နေသော်လည်း သည်နေ့တော့ဖြင့် ဖေဖေလုပ်ပေးထားဟန်တူသည်။

ရှိပါစေတော့ဟုသတ်မှတ်လိုက်ပြီးနောက် ရေမောင်းလိုက်ပြီး ဆောင်းတွင်းမနက် အေးအေးလေး၌ ရေကို တဗွမ်း‌ဗွမ်းလောင်းချိုးလိုက်ပါသည်။ သူ၏ မနက်ခင်းအစပြုပုံမှာ သည်အတိုင်းပါပင်။ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ခြင်း ပြီးဆုံးလျှင်တော့ မေ‌မေပြင်ဆင်ထားသည့် မနက်စာကို စားဖို့သာလျှင်ကျန်ပါတော့သည်။ ထို့အတွက် စာအုပ်များထည့်ထားသည့်လွယ်အိတ်ကိုဆွဲယူ၍ မီးဖိုခန်းအတွင်းသို့ ဝင်လာခဲ့လိုက်ပါတော့သည်။

"မဂ်လာမနက်ခင်းပါ မေမေ"

"ကျေးဇူးပါကွယ်၊ မဂ်လာမနက်ခင်း‌ပါ"

မိုးရိပ်ညိုတစ်ယောက် ထမင်းအပူကို ကြာညှို့ခပ်ပါးပါးလေးဆမ်း၍ စားတော်ပဲပြုတ်၊ ကိုက်လံဖူး၊ မုန်လာဥနီ၊ ဂေါ်ဖီအနည်းငယ်ထည့်လျက် ကြော်လှော်နေသည့် ဒေါ်မြသွဲ့ဝေရီ၏နောက်၌ မတ်တပ်ဝင်ရပ်ပြီး 'အာ...'ဟုအော်လျက် ထမင်းတစ်လုတ်ကိုခွံ့ကျွေးခိုင်းလိုက်လေသည်။ ထိုအခါ ဒေါ်မြသွဲ့ဝေရီသည်လည်း ဇွန်းများထည့်ထားသည့်ဘူးလေးထဲမှ ဇွန်းတစ်ချောင်းကိုထုတ်လျက် ထမင်းကြော်တစ်ဇွန်းကို အနေတော်ခပ်၊ အပူသက်သာစေရန် သူ(မ)ကိုယ်တိုင် တဖူးဖူးမှုတ်လျက် အအေးခံပြီးသည့်နောက် မိုးရိပ်ညိုကိုခွံ့ကျွေးလိုက်ပါ၏။

OASIS [COMPLETE]Where stories live. Discover now