🌵၄၆🌵

124 11 0
                                    

ပထမဦးဆုံးသော...

တစ်ပတ်ဆိုသည့်အချိန်ဟာ သာမန်ဆိုလျှင် အသင်္ချေလောက် ကြာမည်ဖြစ်သော်လည်း ချစ်သူနဲ့ အတူရှိရလျှင်တော့ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားသလိုပါပဲ။

တစ်ပတ်တာလုံး သူ မိုးရိပ်ညိုနှင့် မကြာခဏ တွေ့ဖြစ်သည့်တိုင် ယခုလို ပြန်ရတော့မည့်အကြောင်း သတိပေးလာသည့်အချိန်တွင်တော့ မည်သည့်အလုပ်ကိုမျှ စိတ်ပါဝင်စားစွာ မလုပ်နိုင်တော့သည်အထိ မှိုင်ငေးနေရပါသည်။

မနက်မိုးလင်းကတည်းက ညနေဆို အိမ်ပြန်တော့မည့် ချစ်သူအကြောင်းကိုတွေးရင်း ရင်ထဲမှာ တင်းတင်းကြပ်ကြပ်ဖြစ်လို့နေ၏။ ငိုချင်တာ မှန်ပေမယ့် ငို၍ မဖြစ်သည့်အခြေအနေကြောင့် တင်းခံထားရသည့်အခါ လည်ချောင်းထဲမှာပါ စပ်ဖျဉ်းဖျဉ်းဖြစ်လို့နေရတော့သည်။

"လျှောက်လျှောက်သွားမနေနဲ့နော်"

ဈေးကို မထွက်ခွာခင် အမှာစကားပါးသည့် မိဘတွေကို နာခံစွာလည်း မတုံ့ပြန်မိတော့။ သူ ဒီနေ့ မိုးရိပ်ညိုရဲ့အနားမှာပဲ ကပ်တွယ်နေချင်တာမို့ သတ္တိမွေးနေသည်ဆိုလည်း မမှားပါချေ။

ဦးမျိုးတင့်နှင့် ဒေါ်ယဉ်လတ်သည်တော့ သားဖြစ်သူကို ချန်ပြီး ဈေးကို ဦးတည်လိုက်ကြပါ၏။ မနက်ခင်းကာလပေမို့ ဈေးသွားဈေးလာဆိုင်ကယ်များဖြင့် အနည်းငယ်ရှုပ်ယှက်ခတ်နေသည်မို့ ဖြည်းညင်းစွာ မောင်းနှင်နေရသည်။

ဈေးကိုအရောက်...ဆိုင်ဖွင့်ပြီး လှည်းကျင်းသန့်ရှင်းရေးပြုပြီးသည့်အခါ ဒေါ်ယဉ်လတ်ဟာ ဆိုင်ခန်းအတွင်းမှ ပန်းအိုးစိမ်းလေးကို ရေလဲဖို့ ခွင့်တောင်းယူပြီး ဈေးတွင်းရေဘုံဘိုင်ဆီကို လျှောက်လာခဲ့၏။

"ဂွတ်မောနင်း ဒေါ်လတ်"

မျက်နှာချင်းဆိုင် ရွှေဆိုင်မှ မိန်းကလေး၏ နှုတ်ဆက်မှုကြောင့် ဒေါ်ယဉ်လတ်၏မျက်နှာက ဝင်းခနဲ။ အဲ့ဒီမိန်းကလေးက ကန္တာဦးထက် (၃)နှစ်လောက် ပိုကြီးမည်ဆိုသော်လည်း ဖျတ်လတ်တက်ကြွပြီး ပေါင်းသင်းဆက်ဆံရေးလည်းကောင်းသလို မိသားစုကလည်း ကြွယ်ဝချမ်းသာကြသည်မို့ ဒေါ်ယဉ်လတ် သဘောတွေ့နေသည်ဆိုလည်း မမှားပါ။

OASIS [COMPLETE]Where stories live. Discover now