🌵၂၃🌵

144 9 2
                                    

နွေ.....

နေ့ရက်တွေဟာ ရှည်ကြာသည်။

မပျော်သည့် အရပ်မှာမို့ထင်၏။

တစ်နာရီနဲ့တစ်နာရီ အကူးအပြောင်းသည်ပင် အတော်ကို ကြာညောင်းနေသလို ခံစားနေရပါသည်။

ဧပြီလ၏ လဝက်သို့ရောက်သည့်အခါ နှစ်ကူးသင်္ကြန်အခါသမယကိုရောက်ရှိလာပါတော့သည်။

ကန္တာဦးတို့အိမ်ရှေ့မှာ နှစ်ချို့ပိတောက်ပင်ကြီးနှစ်ပင်ရှိနေတာမို့ ပိတောက်ပန်းတွေဟာ ဝေဝေဆာဆာဖူးပွင့်နေလေသည်။ သို့သော် ထိုပိတောက်ပန်းတွေကိုတော့ဖြင့် မည်သူကမျှ လာရောက်တောင်းယူခြင်းမရှိကြပါလေ။

သည်ရက်ပိုင်း သစ်ရွက်တွေအကြွေများသော်ငြား ကန္တာဦးဟာ အမှိုက်မလှည်းဘဲ ရွက်ကြွေတွေကို တစ်ရွက်ချင်းကောက်ယူဖြစ်သည်။ ထိုမှသာ မြေပြင်ပေါ်မှာ ပျံ့ကျဲနေသော ပိတောက်ပွင့်ဖတ်တွေကို မြင်တွေ့နိုင်မှာဖြစ်၏။

ကန္တာဦးဟာ အိပ်ခန်းပြတင်းပေါ်မှတဆင့် ရွှေဝါရောင်ပိတောက်ပွင့်တွေကို ငေးကြည့်ဖြစ်၏။ ထိုအခိုက်မှာပဲ နွေလေရူးတချို့ဟာ ပိတောက်ပွင့်တွေကို ပွတ်သပ်ကျီစယ်သွားသည်မို့ ပိတောက်ပန်းရနံ့များဟာ ပတ်ဝန်းကျင်တစ်ခွင်ကို လွှမ်းထုံသွားစေရုံသာမက ကြွေလုဆဲဆဲပိတောက်ပွင့်ဖတ်လေးတွေဟာလည်း မြေပြင်ပေါ်သို့ တွေဝေခြင်းမရှိ ကျရောက်လာပါလေသည်။

ကန္တာဦးမှာတော့ ထိုမြင်ကွင်းကို နှစ်စဉ်နှစ်တိုင်း မပျက်မကွက် ငေးကြည့်နေခဲ့သော်လည်း ယခုထက်ထိ ရိုးအီသွားခြင်းမရှိသေးပါလေ။

အကယ်၍ သည်မြင်ကွင်းကို မိုးရိပ်ညိုနှင့် အတူတူကြည့်ခွင့်ရမည်ဆိုလျှင်တော့ သူ အနည်းငယ်မျှ ကြည်နူးမိမှာပင်။ ထို့အတွက် ကန္တာဦးမှာ ကံ့ကော်တွေကို အတူတူကြည့်ဖြစ်ခဲ့ကြသည့်အချိန်ကို ပြန်လည်သတိရသွားတော့၏။

မိုးရိပ်ညိုပြောတာ မှန်နေသည်ပဲ....။

သူဟာ အမှတ်တရတွေနဲ့ ချည်နှောင်ခံလိုက်ရပြီးပါပြီ။

ယခုပဲ နွေဦးကံ့ကော်သီချင်းကို သတိရသွားပြီး စာသားပြောင်းဆိုခဲ့သည့်၊ ကံ့ကော်တစ်ပွင့်ကို ကာကွယ်ပေးခဲ့သည့် မိုးရိပ်ညိုကို အောက်မေ့သတိရသွားပါလေတော့သည်။

OASIS [COMPLETE]Where stories live. Discover now