🌵၃၁🌵

135 10 0
                                    

အညာခရီးစဉ်-၄

"B..Bee...တကယ်ကြီး ဒီမှာချိုးရမှာလား"

ကန္တာဦးမျှော်လင့်ထားသည့်အတိုင်း မိုးရိပ်ညိုတစ်ယောက် မြေကြီးထဲသို့ ခေါင်းဝင်မတတ်ငုံ့ထားရင်းမှ ခပ်တိုးတိုးပြောလျှင် ကန္တာဦးဟာ ခိုးရယ်မိလိုက်တော့၏။ ပြီးမှ...

"အင်း"

မိုးရိပ်ညိုမှာတော့ ကန္တာဦးဖြေလိုက်သံကြောင့် နားရွက်ဖျားတွေပင် နီရဲလာတော့သည်။

ပေ(၃၀)အနက်လောက်ရှိသည့် ရေတွင်းတစ်တွင်းထဲမှ ရေတွေကို ကြိုးတပ်ထားသည့်ပုံးလေးတွေဖြင့် ခပ်ချိုးရပြီး အကာတစ်ခုတောင်ရှိမနေသည့်နေရာမှာ အဘိုးအဘွားအရွယ်၊ ဦးလေးအရွယ်၊ အဒေါ်အရွယ်တွေ၊ နောက် ရွယ်တန်တူ ယောက်ျားလေးတွေ၊ အပျိုလေးတွေနဲ့ ကလေးပေါက်စနလေးတွေဟာ ပျော်ပျော်ကြီးကို ရေချိုးနေကြတော့သည်။

သို့သော် မိုးရိပ်ညိုမှာတော့ ထိုလူတွေကို စေ့စေ့ပင် မကြည့်ရဲ။ ကန္တာဦးရှေ့မှာတောင် အင်္ကျီမချွတ်ဖူးသူမို့ ကိုယ်နှင့် မသိသည့် သူစိမ်းတွေကြားထဲမှာ ရေချိုးဖို့ဆိုတာက အတော်လေးကို ခက်ခဲသည့်အလုပ်ပါလေ။

"လာ...ရေမကုန်ခင် ချိုးကြမယ်"

"နေ..နေပါဦး! လူ..လူနည်းနည်းရှင်းမှ ချိုးကြမယ်"

"ဒါ ရှင်းတာအစ်ကိုရဲ့၊ ခဏနေရင် တောကပြန်လာတဲ့သူတွေ လာတော့မှာ၊ အမြန်လာ"

ထို့အတွက် မိုးရိပ်ညိုတစ်ယောက် ရှက်ရှက်ဖြင့် ပုဆိုးကိုပြင်ဝတ်လိုက်ပြီး ဝတ်ထားသော တီရှပ်ကိုလည်း မရဲတရဲဖြင့် ဆွဲချွတ်နေလေတော့သည်။ ကန္တာဦးမှာတော့ မျက်နှာတစ်ခုလုံး ရဲပတောင်းခတ်နေသည့် မိုးရိပ်ညိုကိုကြည့်ပြီး ရယ်ချင်နေရပါတော့သည်။

သို့သော် သူလည်း ရှက်နေတာပါပဲ။ မိုးရိပ်ညိုရှေ့မှာ သူ့ရဲ့ အပေါ်ပိုင်းဗလာဖြစ်နေသည့်ပုံရိပ်ဟာ ကြောင်ကြာကြာရေမငုပ်သလို ပေါ်ချင်တိုင်းပေါ်‌လာတော့မည်မလားလေ။ သို့ပေမယ့် သည်ခရီး ရှေ့မတိုးလျှင် မရောက်တာမို့ ရှက်သည့်စိတ်ကို မြိုသိပ်လိုက်ပြီး အင်္ကျီကို ချွတ်ပြီးသည့်နောက်မှာပဲ နှစ်ဦးသားဟာ အကြည့်ချင်းဆုံသွားရပြန်တော့သည်။ ထို့နောက် နောက်ထပ်တစ်နေရာသို့ အကြည့်ရွှေ့လိုက်မိကြပြီးနောက်မှာတော့ ပြိုင်တူဆိုသလို လက်ထဲမှ အင်္ကျီတွေဖြင့် ရင်ဘတ်အရှေ့ပိုင်းကို ကာမိလိုက်ကြတော့သည်။

OASIS [COMPLETE]Where stories live. Discover now