🌵၂၂🌵

146 9 3
                                    

အိမ်...

"ကဲ...မဲနှိုက်ကြရအောင်နော်"

စကားသံအဆုံးမှာတော့ ငွေဖလားလေးတွေကိုင်ထားကြသည့် စီနီယာနှစ်ဦးဟာ အတန်းထဲမှလူတွေကို မဲနှိုက်စေကြပြန်သည်။

သည်တစ်ခေါက် မဲနှိုက်ရခြင်းရည်ရွယ်ချက်ကတော့ မကြာခင်ပြုလုပ်မည့် ကျောင်းသင်္ကြန်ပွဲအတွက် ယိမ်းအဖွဲ့၊ စတုဒီသာမဏ္ဍပ်၌ကူညီပေးရမည့်သူ၊ ကျောင်းသားကဒ်တွေကို စိစစ်ပေးရမည့်သူ၊ အချိန်ပိုင်းတာဝန်ခံနှင့် ကင်းလွတ်ခွင့်ရသူတွေ၊ အမှိုက်ကောက်ရမည့်သူတွေကို ခွဲခြားဖို့အတွက်ဖြစ်ပါလေသည်။

"မဲလိပ်တွေရရင် စာရွက်မှာပါတဲ့အတိုင်း သင်္ကြန်နေ့မှာ ကူညီပေးကြရမှာပါ၊ ဒါဆို...ကျွန်တော်ပြောတဲ့အဖွဲ့က အရင်မတ်တပ်ရပ်ပေးကြပါဗျ၊ စတုဒီသာလို့ကျတဲ့သူတွေ အကုန်မတ်တပ်ရပ်ပေးပါ"

ထိုအခါ လွမ်းဝေအပါအဝင် အတန်းထဲမှ မိန်းကလေး(၃)ယောက်နှင့် နောက်ထပ်ယောက်ျားလေး(၃)ယောက်...ပေါင်း(၇)ယောက် မတ်တပ်ရပ်တော့၏။ ထို(၇)ယောက်၏နာမည်တွေကို စတုဒီသာတာဝန်ခံဖြစ်သူ ရှင်းမြတ်သူက နာမည်ရေးမှတ်လိုက်လေတော့သည်။

"နောက်တစ်ဖွဲ့က အချိန်ပိုင်းတာဝန်ခံတွေပါ"

ထို့နောက် ဆက်တိုက်ဆိုသလို အဖွဲ့အမည်တွေရွတ်ပြီး လူတွေခေါ်သွားလိုက်တာ ကင်းလွတ်ခွင့်ရသူတွေသာ ကျန်ရစ်ခဲ့ပါလေတော့သည်။

ယခုအခါမှာတော့ ကန္တာဦးတစ်ယောက်ဟာ အမှိုက်ကောက်ရမည့်အဖွဲ့မှာ ဆိုက်ဆိုက်မြိုက်မြိုက်ကျရောက်သွားပါလေတော့သည်။

"ကန္တာဦး...ငါ မင်းနဲ့ပဲ အမှိုက်ကောက်ချင်တယ်"

"အမှိုက်ကောက်ရတာ လမ်းလျှောက်ရမှာ၊ မဏ္ဍပ်မှာက ထိုင်နေရုံပဲ၊ ငါ မင်းဆီကို ခဏခဏလာမှာပါ"

"မသိဘူး မသိဘူး၊ ငါ အရမ်းဝမ်းနည်းနေပြီ"

လွမ်းဝေတစ်ယောက်မှာတော့ ကန္တာဦး၏ပခုံးပေါ်မှာ မှီတွယ်နေပြီး ငိုမဲ့မဲ့ဖြင့်ပြောနေလေတော့သည်။

သိပ်မကြာခင်မှာပဲ ကျောင်းသင်္ကြန်ရှိတာမို့ ကျောင်းတော်ကြီးဟာ သာမန်နေ့များထပ်ပိုပြီး သက်ဝင်လှုပ်ရှားနေပါတော့၏။

OASIS [COMPLETE]Where stories live. Discover now