🌵၂၄🌵

132 11 1
                                    

နွေး......

ကျောင်းဖွင့်ရာသီဟာ တစ်ကျော့ပြန်လာခဲ့ပြီ။

ယခုအခါ ဝဿန်ကာလမို့ နေရာတိုင်းဟာ မိုးရေစက်တွေထင်ကျန်နေသည့် သစ်ပင်ပန်းမာန်တို့ဖြင့် စိမ်းစိုလန်းဆန်းနေရတော့သည်။ မြက်သားတွေပေါ်မှ မိုးရေစက်တွေသည်ပင် စိန်ကျောက်တစ်လုံးလို လက်လက်ထနေတော့၏။

ရန်ကုန်၏မိုးရာသီကတော့ တကယ်ဆိုးဝါးပါသည်။

အချိန်ပြည့်နီးပါး မိုးရွာနေတတ်ပြီး ကားလမ်းတွေဟာလည်း မြောင်းရေတွေဖြင့် ဖုံးလွှမ်းနေတာ ဒူးဆစ်ကျော်ကျော်ပင်ရှိလုနေပြီ။ တစ်ခါခါဆို ဘလောက်တုံးတွေကိုပင် ကျော်တက်နေတတ်တာမို့ ကားတွေဟာ ထိုရေတွေကြားမှာ ရှေ့တိုးရအခက်၊ နောက်ဆုတ်ရအခက်ဖြစ်နေတတ်၏။

အညာရဲ့မိုးရာသီဟာ သိပ်မထူးခြားသော်ငြား ရန်ကုန်မိုးရာသီကတော့ မုန်တိုင်းသတင်းများရှိလေတိုင်း ရေတက်ခြင်းဖြင့်ကြုံရတတ်သည်။

ယခုလည်း ကျောင်းဖွင့်ဖို့ တစ်ပတ်အလိုမှာ မုန်တိုင်းရှိလာသည်မို့ ကန္တာဦးတစ်ယောက်မှာ ကျောင်းမသွားနိုင်သေးပါလေ။

သည်တစ်နှစ်ဟာ တက်လက်စမို့ ဆက်တက်ခိုင်းမည်ဟုဆိုလာပြီး လျှောလျှောရှူရှူပင် ကျောင်းတက်စေသော်ငြားလည်း ရာသီဥတုက ကိုယ့်ဘက်မပါသည့်အခါ အိမ်မှာပင် အထိုင်ကျနေတော့၏။

မုန်တိုင်းဟာ တစ်ပတ်ကျော်သည်အထိ မစဲသေးသည့်အတွက် ကန္တာဦးဟာ ကျောင်းနောက်ကျရပေဦးမည်။

ကျောင်းတက်ရက်ကိုကျော်လွန်၍ လေးရက်မြောက်သည့်နေ့မှာတော့ မုန်တိုင်းကင်းစင်သွားပြီမို့ ကန္တာဦးတစ်ယောက်မှာ မြင်းဇောင်းကလွှတ်လိုက်သည့် ပြိုင်ပွဲဝင်မြင်းတစ်ကောင်ပမာပင် ရန်ကုန်ကို ဦးတည်လိုက်တော့၏။

ယခုတစ်ခေါက်မှာတော့ ခရီးလမ်းဟာ အလွန်ရှည်ကြာနေတော့သည်။ မိုင်တိုင်တွေဟာ အရမ်းကွာဝေးနေသလိုပါပင်။ အိပ်၍လည်း မပျော်တော့သည်မို့ အမှတ်တရတွေနှင့် ချည်နှောင်ခြင်းခံထားရသော သီချင်းတချို့ကို နားကြပ်ဖြင့် နားထောင်နေဖြစ်၏။

OASIS [COMPLETE]Where stories live. Discover now