🌵၃၇🌵

123 8 1
                                    

အဖြူရောင်အတ္တ

နောက်ပြန်လှည့်၍ ပြင်ဆင်မရသော ကိစ္စရပ်များ ဖြစ်ပွားပြီး နောက်တစ်ရက်၌ဖြစ်၏။

ဒေါ်မြသွဲ့ဝေရီတို့ဇနီးမောင်နှံနှစ်ယောက် ဒဏ်ရာဒဏ်ချက်တွေနှင့် ရုတ်တရက်ကြီးရောက်ချလာသည့် သားဖြစ်သူကြောင့် ရင်ဘတ်ကိုပင် ဖိထားမိလိုက်ကြ၏။

ယမန်နေ့ညက ကန္တာဦးဆီမှာအိပ်မည့်အကြောင်းပြောလာသည်မို့ ခါတိုင်းလိုပဲ အဆင်ပြေပြေလေးဖြစ်နေမည်ထင်ပေမယ့် ယခုတော့ သားဖြစ်သူ၏မျက်နှာဟာ ရစရာပင်မရှိတော့ပါလေ။

ဘယ်ဘက်မျက်လုံးသည်လည်း မဖွင့်နိုင်လောက်အောင်ကိုပင် ယောင်ကိုင်းဖုဖောင်းနေသလို နှာခေါင်းထက်မှာလည်း ဆေးပလာစတာအသေးလေးတစ်ခုရှိနေ၏။ နှုတ်ခမ်းထောင့်ဟာလည်း ပေါက်ပြဲ‌နေပြီး အောက်နှုတ်ခမ်းမှာလည်း ပေါက်ပြဲဒဏ်ရာကြောင့် အသားဖတ်တွေပင် လန်နေတော့၏။

"ဘုရားဘုရား...၊ မေ့သားလေး၊ ဘာဖြစ်လာတာလဲ၊ ဟင်...၊ ကန္တာဦးလေးက ဒီလိုဖြစ်အောင် လုပ်လိုက်တာလား၊ သားက ဘာလုပ်လိုက်လို့ ဒီလောက်ထိ ရစရာမရှိအောင်ဖြစ်လာရတာလဲ၊ မေမေ့ကိုပြောစမ်းပါဦး"

ဒေါ်မြသွဲ့ဝေရီမှာ သားဖြစ်သူ၏မျက်နှာကို အုပ်ကိုင်ထားပြီး ဒဏ်ရာတွေပေါ်ကိုလည်း လက်ဖြင့် ခပ်ဖွဖွလေးထိကြည့်လိုက်၊ သူ(မ)၏ပါးပြင်ဖြင့်ကပ်ကြည့်လိုက်နှင့် အလုပ်တွေရှုပ်နေတော့၏။

"သား Beeနဲ့ ရက်ပိုင်းလောက် သွားနေမှဖြစ်မယ်ထင်တယ်"

"ဟင်! ဘာဖြစ်လို့လဲ၊ ဘာဖြစ်လာတာလဲ၊ မေမေ့ကိုပြောပြပါဦး၊ ဘယ်လိုဖြစ်လို့ သားမှာ ဒဏ်ရာဒဏ်ချက်တွေရနေရတာလဲ၊ ဘုရားဘုရား!! ဒီမှာရော သွေးတွေစိမ့်ထွက်နေပါလား၊ မေမေ့ကို ပြကြည့်စမ်းပါဦး"

ဒေါ်မြသွဲ့ဝေရီမှာတော့ စိုးရိမ်စိတ်တွေကြောင့် အသံတွေလည်းတုန်ရီနေသလို မျက်ရည်တွေလည်း စီးကျနေပါလေတော့သည်။ ထို့နောက် သူ(မ)တစ်ကြိမ်တစ်ခါတောင်မမြင်ဖူးသော မိုးရိပ်ညိုဝတ်ထားသည့် တီရှပ်ကိုဆွဲလှန်၍ ကြည့်လိုက်လျှင် ဆေးပလာစတာအကြီးစားဖြင့်ကပ်ထားသော ဒဏ်ရာမှ သွေးတွေစိမ့်ထွက်နေတာကိုမြင်လိုက်ရလျှင် ခေါင်းထဲ၌ပင် မူးဝေသွားရတော့သည်။

OASIS [COMPLETE]Where stories live. Discover now