🌵၃၆🌵

124 8 3
                                    

ဒဏ်ရာ


ရက်ထပ်နှစ်ရဲ့ ဖေဖော်ဝါရီနောက်ဆုံးနေ့ရက်ဟာ မိုးရိပ်ညိုတစ်ယောက် အလွန်တရာကို မျှော်လင့်တောင့်တနေခဲ့ရသည့် ရက်တစ်ရက်ပါပဲ။

အဲ့သည်နေ့ကိုရောက်ဖို့ မိုးရိပ်ညိုမှာ လက်ချောင်းတွေကို ချိုးပြီး မရေတွက်ခဲ့ရသော်လည်း အကြိမ်ကြိမ်မျှော်လင့်နေခဲ့သည်ကိုတော့ ဝန်ခံရပါလိမ့်မည်။

သည်အတောအတွင်းမှာတော့ မိုးရိပ်ညိုနဲ့ ကန္တာဦးဟာ ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ မကြာခဏ ကတောက်ကဆဖြစ်ရတတ်သည်။ ဒါက သမီးရည်းစားတွေရဲ့ကြားမှာ အမြဲတစေ ဖြစ်လေ့ရှိတာမျိုးပါပဲ။

ကန္တာဦးက မိုးရိပ်ညိုရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ သူနဲ့ပတ်သက်ပြီး အရိပ်အမြွက်မျှလေးတင်တာကိုတောင်မကြိုက်။ မကြိုက်ဘူးဆိုတာထက် အကယ်၍ ဒီအကြောင်းတွေကိုသာ သူ့မြို့ကလူတွေထဲက တစ်ယောက်ယောက်တွေ့သွားရင် ပြဿနာအကြီးကြီးတက်နိုင်၍ စိုးရိမ်တာမို့ ကြိုတင်ကာကွယ်ထားလိုခြင်းဆို ပိုမှန်လိမ့်မည်။

ဒါကို မိုးရိပ်ညိုက နားမလည်၊ သူ တင်ချင်ရာတွေကိုသာ ဇွတ်တင်သည်။ မိုးရိပ်ညိုကလည်း နားမလည်တာမဟုတ်ဘဲ ရူးမိုက်သင့်တဲ့အရွယ်မှာပဲ သည်လိုအရာတွေကို လုပ်၍ရတာမို့ လုပ်နေခြင်းဖြစ်ပြီး ကန္တာဦးက သူ့ခံစားချက်ကို နည်းနည်းမှနားလည်မပေး၍ အမြင်ကပ်ကပ်နဲ့ လုပ်နေတာဆို ပိုမှန်ပါမည်။

ထို့အတွက် နှစ်ယောက်ကြားမှာ မကြာခဏ စကားများရ၏။

ယခုအခါ ကန္တာဦးသည်လည်း ကိုယ့်ဝင်ငွေနှင့်ကိုယ်ဝယ်ထားသော ဖုန်းတစ်လုံးရှိနေကာ မည်သည့်ပို့စ်တစ်ခုကိုမှ တင်ထားခြင်း၊ ရှဲထားခြင်းမရှိသော facebookအကောင့်တစ်ခုလည်းရှိ၏။ ထိုအကောင့်မှာ သူငယ်ချင်းဟူ၍ တစ်ယောက်ပင်မရှိ၊ ယုတ်စွအဆုံး မိုးရိပ်ညိုနဲ့တောင် ဖရန့်ဖြစ်မနေ၊ add friendsကိုလည်း ပိတ်ထားသူမို့ Followerတွေကသာ ထောင်သောင်းချီနေ၏။ ထို followerတွေထဲမှာတော့ မိုးရိပ်ညိုလည်းပါဝင်သလို ဇင်လဲ့အိထွေးနဲ့ နှင်းနုဝါလည်းပါသည်။ လွမ်းဝေလည်းပါသည်။ ကျောင်းရဲ့အချစ်တော်လေးမို့ ကန္တာဦးကိုချစ်ကြသည့် မေဂျာက လောင်ရှစ်တွေလည်းပါသည်။

OASIS [COMPLETE]Where stories live. Discover now